Home
မြန်မာသတင်း
နတ်မောက်မြို့နယ် ဂွေးကန်တောင်ရွာတွင် ရေရှားပါးပြတ်လပ်နေ
DVB
·
April 15, 2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်နဲ့မိုင် ၂၀ ကျော်ဝေးတဲ့ ကျောက်ပုံကျေးရွာအုပ်စု၊ ဂွေးကန်တောင်ရွာမှာ ပူပြင်းခြောက်သွေ့တဲ့နွေရာသီ ရောက်ရှိနေတာမို့ ပြည်သူတွေရေရှားပါးပြတ် လပ်မှုနဲ့ကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာပြည်သူတွေ အသုံးပြုနေတဲ့ ကန်သစ်ကန်ရေကန်က ရာသီဥတုကြောင့် မိုးနည်းပါးတဲ့ အပြင် ရေဝင်အထွက်လမ်းတွေမကောင်းတော့ ဒီနှစ်နွေရာသီမှာ ရေခမ်းခြောက်သွားပြီး ဂျပန်နိုင်ငံ JICAက လှူဒါန်းတူးပေးထားတဲ့ စက်ရေတွင်းရေကလည်း သံကြေးရောင်တွေထွက်လို့ ၂၀၁၆ ကတည်းက သုံးမရဘဲ ပိတ်ထားတာမို့ ရေရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာပါ။ ဂွေးကန်တောင်ရွာနေ ဒေါ်သန်းရွှေက “၁၂ နာရီကတည်းက ရေတစ်ဘူးရဖို့ အလှည့်ကျစ စောင့်နေရပါတယ်။ တာဝန်ရှိတဲ့သူတွေ ရေအခက်အခဲကို ကူညီပေးဖို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။ ဂွေးကန်တောင် ရွာပြည်သူ ကိုကျော်မင်းစိုး က “လူတွေ တိရိစ္ဆာန်တွေ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။ ရေ တစ်ဘူးရဖို့ ၁၀ မိနစ်လောက် စောင့်ရတယ်။ ထမင်းကြော်စားပြီး ရေရဖို့အရိပ်ကနေ စောင့်ရပါတယ်။ ရေအခက်အခဲကို အကူအညီပေးပါလို့ တောင်းဆိုပါတယ်”လို့ ဆိုပါတယ်။ ရွာနဲ့ ၃ ဖာလုံကျော်ဝေးပြီး ခမ်းခြောက်သွားတဲ့ရေကန်ထဲမှာ လက်ယက်တွင်းကျင်းတူးပြီး စိမ့်ထွက်လာတဲ့ရေကိုသောက်သုံးရေအတွက် တရွာလုံးက ပြည်သူတွေ ၂၄ နာရီလုံး အလှည့်ကျ စောင့်ဆိုင်းခပ်ယူ အသုံးပြုနေရတာပါ။ ဂွေးကန်တောင်ရွာ ရွာခွဲတာဝန်ခံ ဦးမြင့်မောင်က  “မိုးတွင်းတုန်းက သုံးရွာ အမှီပြုပြီး ရေသုံးပါတယ်။ ရေကန်ခမ်းခြောက်ပြီး စက်ရေတွင်းရေက သံချေးရောင်ပေါက်ပြီး ၂၀၁၆ ထဲက သုံးမရတာကြောင့် ရေရှားပါးပြတ်လပ်နေတာပါ။ အလှူရှင်တွေ လာလှူတဲ့အခါကျတော့ အဆင်ပြေပေမယ့် အလှူရှင်နည်းပါးသွားတဲ့အခါ သောက်သုံးရေ အလွန် အခက်အခဲ ဖြစ်နေလို့တာဝန်ရှိသူတွေ အကူအညီပေးဖို့တောင်းဆိုပါတယ်”လို့ ပြောပါတယ်။ ဂွေးကန်တောင်ရွာမှာ အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဦးရေ ၄၀၀ ကျော်ရှိပြီး နတ်မောက်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ၅ ရက်တစ်ကြိမ် ရေလာရောက် လှူဒါန်းပေမယ့် လုံလောက်မှု မရှိလို့ လူနဲ့တရိစ္ဆာန်တွေအတွက် ရေအခက်အခဲနဲ့ ကြုံတွေ့နေတာပါ။ သတင်း-ဘဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024