တရုတ်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ အရေအတွက်တိုးမြင့်

တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် လူ ၆ ဦး သေဆုံးသွားပြီး ကူးစက်ခံရသူ ၂၁ ဦးထိ အရေအတွက် တိုးမြင့်လာနေပါတယ်။ တရုတ်ပြည်အရှေ့ပိုင်းက လူတွေဆီမှာ ပထမဆုံးတွေ့ရှိရတဲ့ ကြက်ငှက်တုပ်ကွေး မျိုးဗီဇဟာ ထိန်းသိမ်းမရတဲ့ ကိစ္စတခု မဟုတ်ပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရဟာ H7N9 တုပ်ကွေးမျီုးဗီဇကို ချေမှုန်းဖို့ ထောင်သောင်းချီတဲ့ ကြက်ငှက်တွေကို သုတ်သင်ပြီး နိုင်ငံအနှံ့ ဆော်ဩစည်းရုံးခြင်းနဲ့ ရောဂါကူးစက်ခံရသူတွေကို လူပေါင်း ရာချီပြီး  သတိထား စောင့်ကြည့်ပေးနေတာတွေကို WHO က ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ကို တာဝန်ရှိအာဏာပိုင်တွေက ထိန်းချုပ်ဟန့်တားနိုင်ခဲ့ပါပြီလို့ တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်အကြီးအကဲ လီပင်းက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ H7N9 ဗိုင်းရပ်စ်သစ်ဟာ လူတွေဆီမှာတွေ့ရတဲ့ ဗိုင်းရပ်စ်မျိုးဗီဇသစ် ဖြစ်ပြီး သူ့ပုံစံဟာ အရင်ဖြစ်ပြီးသား တခြားတုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ ပုံစံကွဲပြီး ကြိုခန့်မှန်းလို့ မရနိုင်တာကြောင့် အခု ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မပြည့်စုံသေးဘူးလို့ တရုတ်ပြည်ဆိုင်ရာ WHO ကိုယ်စားလှယ် မိုက်ကယ် အိုလိရီက ပြောပါတယ်။ တရုတ်နိုင်ငံအပြင်ဘက်မှာတော့ ဒီရောဂါနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ မရှိသေးဘူး လို့လည်း ဆိုပါတယ်။ အခုဆို ရောဂါကူးစက်ခံရနေရသူ ၂၁ ဦးကို ကျန်းမာရေးဝန်ထမ်း ၆၂၁ ဦးက အနီးကပ် စောင့်ကြည့်နေတယ်လို့ တရုတ်အစိုးရရဲ့ H7N9 ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး လျန်ဝမ်နီယန်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up