မကွေးတိုင်းအတွင်း သေဆုံးသွားသည့် သံသယလူနာ ၂ ဦးတွင် COVID-19 ရောဂါမတွေ့
DVB
·
April 14, 2020
မကွေးတိုင်းဒေသကြီးအတွင်းမှာ သေဆုံးသွားတဲ့ စလင်းမြို့နယ်နဲ့ ကံမမြို့နယ်ထဲက စောင့်ကြည့် သံသယလူနာ ၂ ဦးမှာ COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကသိရပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "မကွေးတိုင်းဒေသကြီး အတွင်း သေဆုံးခဲ့တဲ့ စောင့်ကြည့် သံသယလူနာ ၂ ဦးနဲ့ Hospital Quarantine ပြုလုပ်ပေးထားတဲ့လူနာတွေမှာ COVID-19 ရောဂါပိုး မတွေရှိရပါဘူး။ Facility Quanrantine ပြုလုပ်ပေးထားတဲ့ ပြည်ပကပြန်ဝင်လာသူတွေကို ဧပြီလ ၁၁ ရက်နေ့က စတင်ပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာတော့ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က မြို့သစ်မြို့နယ်ထဲက အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုး စတင်တွေ့ရှိ ခဲ့ပါတယ်။ လူနာနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေနဲ့ ပြည်ပကပြန်ဝင်လာသူတွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးတာတွေ ပြုလုပ်သွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဧပြီလ ၁၃ ရက်နေ့မှာ ဓာခွဲနမူနာ ၃၀၉ ခု စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၁ ရှိနေပြီး တစ်နိုင်ငံလုံး အနေနဲ့ ရောဂါကူးစက်ခံရသူ ၆၂ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း-မင်းထီး