Live
Home
မြန်မာသတင်း
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစုဝင်အပါအဝင် အနီးကပ်ထိတွေ့သူ ၃၀ ခန့်ကို ကျန်းမာရေး စစ်ဆေးမည်
DVB
·
April 14, 2020
ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ မိသားစုဝင်တွေ၊ သူနဲ့ အနီးကပ်ထိတွေ့သူတွေ စုစုပေါင်း ၃၀ လောက်ကို ဒီနေ့မှာ ဓာတ်ခွဲနမူနာယူပြီး COVID-19 ရောဂါရှိ မရှိ  စစ်ဆေးမှာ ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ COVID-19 ကူးစက်ခံ အတည်ပြုလူနာစာရင်းမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခုက ပုဂ္ဂိုလ်တချို့လည်း ပါဝင်နေတာပါ။ ဒီဘာသာရေး အဖွဲ့အစည်းနဲ့ ဒုတိယသမ္မတ ၂ တို့ရဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တက်လာတာကြောင့် အစိုးရအနေနဲ့ ဒုတိယသမ္မတ ၂ နဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့သူတွေကို ဓာတ်ခွဲစမ်းသပ်တော့မှာ ဖြစ်ပါတယ်။ "အဆိုပါပုံတွေဟာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကလို့ စိစစ်သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ အစောဆုံး ကူးစက်မှု တွေ့ရှိခဲ့တာက မတ်လ ၂၃ ရက်နေ့ ဖြစ်ပါတယ်။ အဆိုပါဘာသာရေးအဖွဲ့နဲ့ ဒီရက် နောက်ပိုင်းတွေ့ဆုံမှုမရှိဘူးလို့ သိရပါတယ်။ သို့သော်လည်းပဲ အခုလို ထိတွေ့မှု သတင်းတွေ အပေါ်မှာ လူထုစိုးရိမ်မှု မြင့်တက်နေတာတွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး စုစုပေါင်း လူ ၃၀ လောက်ကို ဒီနေ့ ဓာတ်ခွဲနမူနာတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ်" လို့ဦးဇော်ဌေး က ပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံ့အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေးGuideline တွေနဲ့အညီ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024