ကန်ကြီးထောင့်တွင် လူနာအမှတ် ၃၂ နှင့် ကားအတူ စီးလာသူ ၃ ဦးကို စောင့်ကြည့်စစ်ဆေးနေ
DVB
·
April 14, 2020
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ လူနာအမှတ် ၃၂ နဲ့ ကား တစီးထဲ အတူစီးလာခဲ့သူ ၃ ဦးကို ရှာတွေ့ထားပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
လာရှိုးကနေ ရန်ကုန်အထိ လူနာ အမှတ် ၃၂ နဲ့အတူ ရွှေမန္တလာကားနဲ့ လိုက်ပါလာသူ ၃ ဦးက ညောင်ချောင်း ကျေးရွာအုပ်စု၊ ဝဲရွာမှာနေထိုင်တဲ့ အမျိုးသား ၂ ဦးနဲ့ ခုံဇင်ကုန်း ကျေးရွာအုပ်စု၊ ကံကုန်းရွာမှာနေထိုင်တဲ့ အမျိုးသမီး ၁ ဦးဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“အခု သူတို့တွေကို ဒါးကတိုက်နယ်ဆေးရုံကို ပို့ပြီး စောင့်ကြည့်ထားပါပြီ၊ သုံးဦးစလုံးက ကျန်းမာရေးကောင်းပါတယ်။ သူတို့ရဲ့မိသားစုဝင်တွေကိုတော့ အိမ်မှာ စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ၃ ဦးဟာ မတ်လ ၂၆ ရက်က လူနာအမှတ် ၃၂ နဲ့အတူ လားရှိုးကနေ ရန်ကုန်အထိ ကားအတူစီးခဲ့ပြီး မတ်လ ၂၇ ရက်မှာ သူတို့နေထိုင်တဲ့ ကျေးရွာတွေကို ပြန်ရောက်ခဲ့ပြီး နေအိမ်မှာ ၁၄ ရက်စောင့်ကြည့်ခဲ့ချိန် လူနာအမှတ် ၃၂ ဟာ သူတို့နဲ့ကားအတူစီးခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူများက သိရှိပြီး လိုက်လံရှာဖွေကာ ဆေးရုံခေါ်ဆောင်ကာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
အဆိုပါ ၃ ဦးမှာ လက်ရှိအချိန်မှာ ကျန်းမာရေး ကောင်းမွန်နေပေမယ့်လည်း ဆေးစစ်ချက်တွေ ရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်ကာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ပြောပါတယ်။
လူနာအမှတ် ၃၂ ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လလောက်က တရုတ်နိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာစဉ် ဖျားကာ ချောင်းဆိုးလာတာကြောင့် မတ်လ ၂၈ ရက်နေ့က လှည်းကူးဆေးရုံမှာ စောင့်ကြည့်စစ်ဆေးချိန် COVID-19 ရောဂါပိုး တွေ့ရှိတာ ဖြစ်ပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - သဲသဲ