အင်းစိန်ကအတည်ပြုလူနာ အမှတ် ၃၇ နှင့်ထိတွေ့ခဲ့သူကို လွိုင်ကော်ဆေးရုံတွင် သီးခြားကုသပေး
နော်နိုရင်း
·
April 14, 2020
COVID-19 အတည်ပြုလူနာ အမှတ် ၃၇ နဲ့ ထိတွေ့ခဲ့သူတဦးကို သံသယလူနာအဖြစ် လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဧပြီ ၁၃ ရက် ညနေပိုင်းက ပို့ဆောင်ပြီး သီးခြားကုသဆောင် Quarentine ခန်းမှာ ထားရှိစောင့်ကြပ်ကြည့်ရှူနေပါတယ်။
အဆိုပါ လူနာဟာ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာနေထိုင်တာဖြစ်ပြီး ကိုယ်လက်မအီမသာ ဖြစ်ကြောင်း၊ COVID-19 အတည်ပြုလူနာ အမှတ် ၃၇ နဲ့ ထိတွေ့မှု ရှိခဲ့ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်ခဲ့ပြီး ဆေးရုံကားနဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတာဖြစ်ပါတယ်။
အဆိုပါ သံသယလူနာဟာ ဧပြီ ၇ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်အိမ်ရာမှ လူ ၅ ဦးပါဝင်တဲ့ ကိုယ်ပိုင်ကားနဲ့ လွိုင်ကော်မြို့သို့ ပြန်လာစဉ် လမ်းမှာ အပေါ့အပါး သွားလိုတဲ့အတွက် သူငယ်ချင်းဖြစ်သူကို စောင့်ဆိုင်းရင်း ဆွေမျိုးတော်စပ်သူ အင်းစိန်မြို့နယ်ရှိ လူနာအမှတ် ၃၇ ရဲ့နေအိမ်သို့ဝင်ရောက်ခဲ့ပြီး အပေါ့အပါးသွားခဲ့ရာ လူနာ အမှတ် ၃၇ က အိမ်အောက်ထပ်မှာ လာခေါ်ပြီး ဓာတ်လှေကား စက္ကန့်ပိုင်းမျှကြာ အတူစီးခဲ့ကြောင်း သိရှိရပါတယ်။
ဒါကြောင့် သံသယ လူနာနဲ့မိသားစုဝင်အပါအဝင် တဝန်းထဲနေသူ ၂၀ ဦးအပြင် သူနဲ့အတူ ကားစီးလာတဲ့ ပန်ကန်းမှာ နေထိုင်တဲ့ သူငယ်ချင်းဖြစ်သူနဲ့ ဇနီးအပါအဝင် မိသားစုဝင် ၃ ဦး အပါအဝင် အားလုံး ၂၃ ဦးကိုလည်း သူနာပြုသင်တန်းကျောင်းမှာ Quarantine ပို့ဆောင်ထား ပါတယ်။
ကယားပြည်နယ်မှာ COVID-19 ပို့တွေ့သူ မရှိသေးပေမယ့် သံသယရှိလူနာအဖြစ် စောင့်ကြပ်ကြည့်ရှုထားသူ ၇ ဦးပြီး ၃ ဦးမှာ ပို့မတွေ့ရကြောင်းနဲ့ ကျန် ၄ ဦးကတော့ ဆေးစစ်ချက် စောင့်ဆဲနေဖြစ်ကြောင်း ဧပြီ ၁၃ ရက်မှာ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။