Quarantine ထားရှိသူ ၁၁ ဦးတွင် COVID-19 ရောဂါပိုးတွေ့၊ အတည်ပြုလူနာ ၅၂ ဦးအထိရှိလာ
DVB
·
April 13, 2020
ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့လို့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု (Quarantine) ဆောင်ရွက်ထားရှိသူ ၁၁ ဦးမှာ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရဲ့ ဒီကနေ့ ညနေ ၆ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၂ ခုအား စစ်ဆေးခဲ့ရာမှာ ၁၁ ဦးမှာ ရောဂါတွေ့ရှိရပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။
အတည်ပြုလူနာသစ် ၁၁ ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အပြည့်အစုံကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက် ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၅၂ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၄ ဦးနဲ့ ပြန်ကောင်းလာသူ ၂ ဦးရှိသွားပြီဖြစ်ပါတယ်။
ဓာတ်ပုံ-MOH