စစ်ကိုင်းတိုင်းတွင် မိုးသက်လေပြင်းကြောင့် နေအိမ်အဆောက်အဦ ၉၀ ကျော် ထိခိုက်ပျက်စီး
Aung Ko Latt
·
April 13, 2020
စစ်ကိုင်းတိုင်းမှာ ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ဝန်းသိုအပါအဝင် မြို့နယ်အချို့မှာ နေအိမ်အဆောက်အဦ ၉၀ ကျော် ပြိုလဲပျက်စီး အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဝန်းသိုမြို့နယ်အတွင်း ကျေးရွာ ၃၃ ရွာက အိမ်ခြေ ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း၊ တခြားအဆောက်အဦး ၁ လုံးတို့ အမိုးလန်ပျက်စီးခဲ့သလို အင်းတော်မြို့နယ်မှာ နေအိမ် ၁ လုံး၊ ကသာမြို့နယ်မှာ နေအိမ် ၂ လုံး ပြိုလဲကာ စက်ရုံအပါအဝင် ၅ လုံး အမိုးလန်ခဲ့ပြီး ထီးချိုင့်မြို့နယ်မှာတော့ နေအိမ် ၄ လုံး အမိုးလန်ခဲ့တာပါ။
“လောလောဆယ်တော့ မြို့နယ် ၄ မြို့နယ်က စာရင်းတွေရပြီ။ ကျန်တဲ့မြို့တွေတော့ သတင်းပို့တာ မရှိသေးဘူး။ ပြိုလဲအိမ်တော့ ၁ သိန်း ထောက်ပံ့မယ်။ ကျန်တာတော့ ပျက်စီးမှုအလိုက် ကြည့်ပြီး ထောက်ပံ့ပေးသွားမှာပါ” လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်က ပြောပါတယ်။
လေပြင်းကြောင့် ဝန်းသိုမြို့နယ်မှာ နေအိမ်အဆောက်အဦတွေ အမိုးလန်တာတင်မက မီးတိုင်တွေလည်း ကျိုးကျခဲ့ပြီး ဓာတ်အားတွေလည်း ပြတ်တောက်နေပါတယ်။
“စာရင်းကတော့ အတိမကျ မသိရသေးဘူး။ လောလောဆယ်တော့ မီးတိုင်တွေ ကျိုးလို့ မီးပြတ်နေတယ်။ ပျက်စီးစာရင်းတွေလည်း လိုက်လံကောက်ယူနေကြပါတယ်။ ဒီလေကတော့ ဒီနှစ်အတွင်း ပထမဆုံးပဲ။ တော်တော်ကြမ်းသွားတယ်။ လူနှင့် ကျွဲ၊ နွား သေကျေထိခိုက်တာတော့ မရှိပါဘူး” လို့ ဝန်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။
မိုးသက်လေပြင်းကြောင့် နာဂဒေသမှာလည်း မိုးသီးတွေ ကြွေကျခဲ့ပြီး မုံရွာမြို့မှာလည်း ကြော်ငြာဘုတ်တွေ ပြိုလဲတာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ လေပြင်းတိုက်ခတ်မှုက မနှစ်ကထက်တော့ နည်းပါးနေပါသေးသလို မိုးကြိုးဘေးကလည်း ၁ ကြိမ်သာ ကြုံတွေ့ရပါသေးတယ်။