ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအပေါ် ဦးရဲထွဋ်ကို မေးမြန်းချက် ၁

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန် ကြေညာခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ထုတ်ပြန်ရခြင်း ရည်ရွယ်ချက်။ ဒီဥပဒေထုတ်ပြန်ခဲ့တဲ့အပေါ် ထောက်ခဲ့သူ၊ ကန့်ကွက်သူတွေ အမျိုးမျိုး ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကို ဦးတိုးဇော်လတ်က တွေ့ဆုံ မေးမြန်းထားပါတယ်။ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာပါလဲ။ နောက် ဒီဥပဒေကို ထောက်ခံသူတွေ၊ ကန့်ကွက်သူတွေ ရှိခဲ့တယ်။ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါလဲ။ “ဥပဒေထုတ်တာက နိုင်ငံတကာ မီဒီယာဥပဒေကြည့်တဲ့အခါ အခြေအနေ ၃ မျိုးတွေ့ပါတယ်။ တခုက Press Law စာနယ်ဇင်းဥပဒေ၊ Broadcast Law ရုပ်သံမီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေနဲ့ ထုတ်ဝေတဲ့ပုံနှိပ်စာတွေနဲ့ ပတ်သက်တဲ့ မှတ်ပုံတင်ဥပဒေလုံးဝမရှိတဲ့ နိုင်ငံတွေရှိတယ်. အမေရိကန်နဲ့ အင်္ဂလန်တို့မှာ။ အမေရိကန်မှာက ရုပ်သံမီဒီယာဥပဒေရှိတယ်၊ ကျန်တဲ့ ၂ ခုမရှိဘူး။ ဒုတိယအခြေအနေက စာနယ်ဇင်းဥပဒေရှိတယ်၊ ရုပ်သံလွှင့်မီဒီယာဥပဒေရှိတယ်၊ မှတ်ပုံတင်ဥပဒေမရှိဘူး။ ဒါက ဥရောပနိုင်ငံအတော်များများမှာပါ။ တတိယအမျိုးအစားက စာနယ်ဇင်းဥပဒေရှိတယ်။ ပုံနှိပ်သူနဲ့ထုတ်ဝေသူတွေ မှတ်ပုံတင်ဥပဒေရှိတယ်။ ရုပ်သံမီဒီယာဥပဒေ ရှိတယ်။” “ကျနော်တို့က တတိယပုံစံ ယူပါတယ်။ တတိယပုံစံမှာ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ပြင်သစ်တို့ အိန္ဒိယတို့မှာလည်း ရှိတယ်။ ကျနော်က အိန္ဒိယဥပဒေယူပြီး လုပ်တယ်။ ဒီလိုလုပ်တာကလည်း ကျနော်တို့နိုင်ငံမှာ ပုံနှိပ်သူတွေဟာ သတင်းစာ၊ ဂျာနယ်တွေတင် ပုံနှိပ်တာမဟုတ်ဘဲ ကျန်တဲ့ စာအုပ်၊ စာစောင်၊ ပိုစတာနဲ့ ပြက္ခဒိန်အမျိုးမျိုးကို ပုံနှိပ်နေသူတွေလည်း ရှိပါတယ်။ ဒီလူတွေအနေနဲ့လည်း လူ့အဖွဲ့အစည်းအပေါ် တာဝန်ရှိမှုအတိုင်းအတာကို လိုက်နာဖို့ လိုအပ်တယ်ထင်လို့ လုပ်ပါတယ်။ ဒါဟာ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေမှာလည်း ဒီမိုကရေစီစံနဲ့ ကိုက်ညီတဲ့ကန့်သတ်မှုတွေ လုပ်ခွင့်ရှိတယ်လို့ ပါပြီးသား ဖြစ်တယ်။” ပုံနှိပ်ဥပဒေမှာ မှတ်ပုံတင်အရာရှိထားမယ်ဆိုတော့ တချို့ကလည်း စိုးရိမ်ကြတယ်။ ဒီမှတ်ပုံတင်အရာရှိဟာ အရင်စာပေစိစစ်ရေးကို ပြန်အသက်သွင်းတာလားဆိုပြီး ဒါနဲ့ပတ်သက်လို့လည်း နည်းနည်းရှင်းပြပေးပါ။ “ကျနော်တို့ဆီမှာလည်း လူတွေအများစုက နိုင်ငံတကာဥပဒေကို လေ့လာတာထက် ကိုယ့်အတွေ့အကြုံတွေကို မူတည်ပြောနေတာများတယ်။ မှတ်ပုံတင်အရာရှိလို့ ပြောလိုက်ရင် စာပေစိစစ်က မှတ်ပုံတင်အရာရှိလို့ မြင်လိုက်ပြီး သွားတယ်။ တကယ်က ကျနော်တို့ နမူနာယူထားတဲ့ အိန္ဒိယဥပဒေမှာ မှတ်ပုံတင်အရာရှိ ရှိပါတယ်။ သူဆိုရင် Registration General လို့တောင်ခေါ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်ကို ကျနော်တို့ တိတိကျကျ ကန့်သတ်ထားမှာပါ။ အရင် ၁၉၆၂ ဥပဒေမှာလို မှတ်ပုံတင်အရာရှိကို ဥပဒေလုပ်ပိုင်ခွင့်အများကြီး ပေးထားမှာ မဟုတ်ဘူး။ ဒါကြောင့် အရင်စာပေစိစစ်ရေးကို အသက်သွင်းတယ်ဆိုတာ လုံးဝမဟုတ်ဘူး။” မှတ်ပုံတင်အရာရှိနဲ့ သွားတဲ့စနစ်ကိုတော့ ထားခဲ့တယ်နော်။ “မှတ်ပုံတင်အရာရှိဆိုတာ ၂ မျိုးပေါ့။ သူ့ကိုမှတ်ပုံတင်လာလုပ်သူကို အသိအမှတ်ပြု ထုတ်ပေးမယ်။ နောက် မူပိုင်ခွင့်ဥပဒေနဲ့လာသူကို ထုတ်ပေးမယ်။ မှတ်ပုံတင်တာကို လက်ခံမယ် ဒါတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို သူက တာဝန်ခံဆောင်ရွက်မယ့် ပုဂ္ဂိုလ်ပေါ့။ သူက responsible officer ကို မှတ်ပုံတင်ထားရမယ်။ ဥပမာ လူတယောက်က ဂျာနယ်တစောင် ဒါမှမဟုတ် မဂ္ဂဇင်းတစောင်ကို အသရေဖျက်မှုနဲ့ နစ်နာချက်တွေကို ပြောလိုတယ်ဆိုရင် သူ ဘယ်သူ့ကို ပြောရမလဲ။ နိုင်ငံတကာမှာဆိုရင် တာဝန်ရှိတဲ့အယ်ဒီတာပေါ့။ အဲလိုလူကို ကျနော်တို့ဆီမှာ မှတ်ပုံတင်ရမယ်၊ ဒီလိုစာရင်းတွေ သူက ကိုင်ထားမယ်။” လိုင်စင်သိမ်းတာလောက်အထိ. “လိုင်စင်သိမ်းတာ မဟုတ်ပါဘူး။ သူက တရားမ၀င် ထုတ်ဝေစာကြေညာနိုင်တဲ့ အခွင့်အာဏာ ပေးထားတယ်။ ကြေညာရုံပဲ. ကြေညာခံရသူက အယူခံဝင်ခွင့်ရှိတယ်။ အယူခံက မရဘူး.တရားမ၀င်ထုတ်ဝေစာဆိုရင် ဥပဒေအရတော့ အရေးယူခံရတာမရှိဘူး။ ဒါဆိုရင် ဒီစာအုပ်ကို ဆက်မဖြန့်နဲ့ပေါ့။ ဖြန့်ရင်တော့ အရေးယူခံရမယ်။ သို့သော် တရားမ၀င်ထုတ်ဝေစာ ကြေညာတာကိုပင်လျှင် ကျနော်တို့ကို နိုင်ငံတကာက အကြံပြုတာက မှတ်ပုံတင်အရာရှိအနေနဲ့ မလုပ်ပါနဲ့။ မှတ်ပုံတင်အရာရှိက စာစောင်တစောင်ကို တရားမ၀င်ကြေညာစာ ကြေညာချင်ရင် တရားရုံးကိုလျှောက်ထား၊ တရားရုံးကလုပ်ပါလို့ အကြံပြုတယ်။ ဒါကြောင့် အဲအပိုဒ်ကို ပြန်ပြင်ဖို့လုပ်နေတယ်။” မှတ်ပုံတင်အရာရှိလုပ်ပိုင်ခွင့်အစား တရားရုံးရဲ့လုပ်ပိုင်ခွင့်နဲ့ အစားထိုးဖို့။ “ဒါပေါ့။ မှတ်ပုံတင်အရာရှိက၊ သူ့ကို လူတယောက်လာတိုင်မယ်. ဒီစာစောင်သည် လူမျိုးရေး ဘာသာရေးစော်ကားရာရောက်နေတယ်၊ တားပေးပါဆိုရင် သူဝင်စစ်မယ်။ လုံလောက်တဲ့အကြောင်းရင်းရှိရင် သူတရားရုံးကိုလျှောက်ထားမယ်.ဒီလိုပေါ့။” လာမယ့် လွှတ်တော်မှာ ပြန်ပြင်ဆင်ဖို့ လုပ်နေတာပေါ့။ “ဒီနေ့လည်း ပုံနှိပ်ထုတ်ဝေသူများအသင်းကလူတွေရယ်၊ civil society ကလူတွေနဲ့ ကျနော်တို့ တွေ့ပြီးမှ ဧပြီလ ၃ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အနောက်နိုင်ငံသံရုံးက အဖွဲ့အစည်းတွေ၊ မီဒီယာအဖွဲ့အစည်းတွေနဲ့ တွေ့ထားတဲ့ ဆွေးနွေးချက်တွေ ရှိတယ်။ ယူနက်စကိုလည်း ပါတယ်။ အဲဒါတွေကို ကျနော်တို့ ရှင်းပြမယ်။ ထပ်ပြီး အကြံပြုချင်တာတွေရှိရင်လည်း ကျနော်တို့ စုမယ်။ စုပြီးရင် ဥပဒေအရ ကျနော်တို့က ပြန်ဆွဲလို့ မရတော့ဘူး။ ဒါ ဥပဒေကြမ်းကော်မတီမှာ ရောက်နေတယ်။ ဆိုတော့ ဥပဒေကြမ်းကော်မတီကို ကျနော်တို့က အကြံပြုချက်အနေနဲ့ ပို့မယ်။ ဒါကို ထည့်သွင်းစဉ်းစားပေးပါဆိုပြီး။ အဆုံးအဖြတ်က ဥပဒေကြမ်းကော်မတီနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေပဲ။” အခန်း ၃ ပုဒ်မ ၇။ အထူးသဖြင့် လူမျိုးဘာသာ ထိခိုက်တာတို့၊ ဥပဒေစိုးမိုးမှု ပျက်ပြားတာတို့၊ ညစ်ညမ်း၊ ရာဇ၀တ်မှု၊ လောင်းကစား၊ ဖွဲ့စည်းပုံ ထိခိုက်တဲ့ဟာ။ ဒီဟာတွေက တည်ဆဲဥပဒေနဲ့ ရှိနေခဲ့ပြီးသား၊ အဲဒါကို ထပ်ပြီးတော့ လုပ်ဖို့ လိုသေးလား။ “မရှိဘူးဗျ။ ဥပမာဆိုပါတော့။ ကျနော်တို့ hate speech လို့ ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးက ပုတ်ခတ်ပြောဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ အဓိပ္ပာယ်ဖွင့်ထားတာ မရှိဘူး။ ဥပဒေတခုတော့ရှိတယ်။ အဲဒီဥပဒေမှာ ဒီစာသားက ဘယ်လိုဟာမျိုးကို လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားပြီးတော့ အမုန်းတရားကို ပွားစေတဲ့ စကားမျိုးလဲဆိုတာ အတိအကျ အဓိပ္ပာယ်ဖွင့်ထားတာ မရှိဘူး။ ရာဇသတ်ကြီး ဥပဒေဆွဲခဲ့တယ်ဆိုတာလည်း ၁၉ ရာစုနှောင်းပိုင်း အင်္ဂလိပ်ခေတ်က ဆွဲခဲ့တာဆိုတော့ ဒါတွေ မရှိခဲ့ဘူး။ နိုင်ငံတကာမှာက အဲလို ဥပဒေ သီးခြားရှိတော့ ဒါကြောင့်မို့ ဒီဟာတွေကို ပြန်ထည့်ရတာပါ။ ဒီဟာက ကျနော်တို့ ဘာပြန်လုပ်လဲဆိုတော့ ဟိုတနေ့က ဆွေးနွေးတဲ့အခါမှာ အဓိပ္ပာယ်ကို ပိုပြီးတော့ တိတိကျကျ ပြန်ဖွင့်ပါဆိုလို့ ကျနော်တို့ ရှေ့နေချုပ်ရုံးနဲ့ သေသေချာချာ ပြန်တိုင်ပင်ဦးမယ်။ စကားလုံးကို ပိုပြီး အတိအကျဖြစ်အောင်ပေါ့။ ဘယ်လိုဟာမျိုးက တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေလဲ။ “တရားဥပဒေစိုးမိုးရေးကို သိပ်ပြောပြစရာမလိုဘူး။ ဥပမာ ပုဒ်မ ၇ မှာ လူမျိုးတမျိုးနဲ့ တမျိုး ထိခိုက်ပြောဆိုခြင်းဆိုတာက နည်းနည်းလေးယေဘုယျဆန်တယ်။ ကျနော်တို့ နိုင်ငံတကာဥပဒေအရ အမုန်းတရားပွားစေတဲ့စကား hate speech ကို ဖွင့်ဆိုထားတာ ရှိတယ်။ အဲဒါမျိုးကို ယူပြီးတော့ ပြန်ထည့်မှာပေါ့။” ဘယ်တော့လောက်များ တိတိကျကျ ပြန်ထွက်လာမလဲ။ “ဒါကတော့ ဒီမှာ ဆွေးနွေးမယ်၊ ဒီကလည်း ရတဲ့အကြံဥာဏ်ယူမှာပေါ့။ သင်္ကြန်ပြီးလောက်မှာ ဒီအကြံပြုချက်ကို ကျနော်တို့ ဥပဒေကြမ်းကော်မတီကို ပို့ရင် သူတို့ ဆက်ပြီးတော့ စဉ်းစားလို့ ရတာပေါ့။” အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up