မူဆယ်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်
DVB
·
April 13, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အကောက်ခွန်ရုံးရှေ့နဲ့ ကံ့ကော်မီးပွိုင့်နေရာတွေမှာ ဧပြီလ ၁၂ ရက်ည ၁၀ နာရီကျော်လောက်က ချိန်ကိုက်ဗုံးလို့ ယူဆရတဲ့ ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
“ကျမတို့က ရဲစခန်းလို့ ထင်တာ၊ ကာစတန်ရုံးရှေ့နဲ့ ကံ့ကော်လမ်းဆုံမီးပွိုင့်နေရာလို့ နောက်မှ သိရတာ။ တော်တော်ပြင်းလို့မြေကြီးတောင်တုန်တယ်” လို့ မူဆယ်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အကောက်ခွန်ရုံးရှေ့ အမ်ပီတီဆိုင်းဘုတ်နဲ့ မီးပွိုင့်အနီးတဝိုက် ပျက်စီးမှုတချို့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကိုကိုလတ်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်ဟာ COVID-19 ကာလ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတော့ မရှိခဲ့ပါဘူး။