ဘီးလင်းတွင် သံဃာအပါအဝင် လူ ၄၀ ကျော် အစာအဆိပ်သင့်
DVB
·
April 12, 2020
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ညောင်သာယာကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ရဟန်းသံဃာ အပါအဝင် လူပေါင်း ၄၀ ကျော် အစာအဆိပ်သင့်တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရတယ်လို့ ဘီးလင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ဒီဗွီဘီကို အတည်ပြုပါတယ်။
ညောင်သာယာကျေးရွာ ပဋ္ဌာန်းသိမ်းပွဲမှာ ဆီချက်ခေါက်ဆွဲ၊ ရေခဲမုန့်၊ လက်ဖက်ရည် အပါအဝင် တခြားသီးနှံတွေကို ကျွေးမွေးရာမှ အစာအဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။
အစာအဆိပ်သင့်သူ ရဟန်း၊ သံဃာအပါအဝင် လူ ၄၄ ဦးကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာတော့ အားလုံး သက်သာ လာပြီလို့ ဒေါက်တာခင်နိုင်ဦးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် လူစုလူဝေး မပြုလုပ်ဖို့ အစိုးရက ညွှန်ကြားထားတဲ့အချိန်မှာ ပဋ္ဌာန်းသိမ်းပွဲ ဆောင်ရွက်ခဲ့မှုကို အုပ်ချုပ်ရေးပိုင်းက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ဖောက်ဖျက်ကျူးလွန်ရင် အရေးယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။