ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်စက်လှေကို တပ်မတော်ရေ ပစ်ခတ်၊ ၆ ဦး ဒဏ်ရာရ
DVB
·
April 12, 2020
မြန်မာရေပြင်မှာ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဗိုလ်မှူးတဦး ပိုင်ဆိုင်တဲ့ ငါးဖမ်းစက်လှေကို မြန်မာတပ်မတော်က ပစ်ခတ်ခဲ့မှုကြောင့် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဖော်ပြပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေပြင်မှာ ငါးဖမ်းနေတုန်း မြန်မာရေတပ်နဲ့ တွေ့ခဲ့ပြီး ရပ်တန့်ဖို့ပြောခဲ့တာကို မလိုက်နာပဲ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတာကြောင့် မြန်မာတပ်မတော်ရေက ပစ်ခတ်ရာမှာ ၆ ဦးဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
သူတို့အားလုံးဟာ စစ်တကောင်းဒေသခံတွေဖြစ်ကာ အဲဒီအထဲက ၂ ယောက်က အခြေနေစိုးရိမ်ရပြီး ဘင်္ဂလားပင်လယ်အော်ထဲက စိန့်မာတင်းကျွန်းအနီးမှာ ပစ်ခတ်ခံရတာလို့ ဖော်ပြပါတယ်။
တပ်မတော်ဘက်က မြန်မာ ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းတာကို ရပ်တန့်ဖို့ပြောဆိုခဲ့ပေမယ့် မရပ်ဘဲ ထွက်ပြေးမောင်းနှင်သွားတဲ့အတွက် သတိပေးပစ်ခတ်ခဲ့တာလို့ ဧပြီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး တပ်မတော်ရေက ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်ရေ ယာဉ်စစ်ရေယာဉ်မှူး ဗိုလ်မှူးကြီး အယ်လ်ဆာ ဆီကို ဆက်သွယ်ပြောဆိုခဲ့ပြီး သူတို့တွေကို မေးမြန်းထိန်းသိမ်းသွားမယ်လို့ ပြန်ပြောဆိုခဲ့ကြောင်း တပ်မတော်ရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဒဏ်ရာရရှိသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေစောင့်တပ် ကင်းလှည့်ရေယာဉ်တွေက ပြန်လည်ခေါ်ဆောင်သွားပြီး Chattogram ကို ပို့ဆောင်ပေးခဲ့ပါတယ်။