မွန်ပြည်နယ်က မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်အားလုံးနှင့် အဓိကစျေး ၂ ခု ယာယီပိတ်
DVB
·
April 11, 2020
မွန်ပြည်နယ်တဝန်းက မြို့ဝင်ကြေး ကောက်ခံတဲ့ ဂိတ်အားလုံးနဲ့ မော်လမြိုင်မြို့ရဲ့ အဓိက စျေး ၂ စျေးဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ် ၁ စျေးတွေကိုလည်း ယာယီပိတ်သိမ်းလိုက်ပါတယ်။
မွန်ပြည်နယ်တဝန်း မြို့ဝင်ကြေးကောက်ခံနေတဲ့ ဂိတ်ပေါင်း ၁၇ ဂိတ် ရှိနေတာ ဖြစ်ပါတယ်။ ဒီဂိတ်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ဧပြီ ၁၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်တာလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောပါတယ်။
ဒီမြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေဟာ နှစ်စဉ် သင်္ကြန်ကာလအတွင်းမှာသာ ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး အခုနှစ်မှာတော့ ဧပြီ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းခဲ့တာပါ။
ဒါ့အပြင် မော်လမြိုင်မြို့ရဲ့ အဓိက စျေး ၂ စျေးဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ် ၁ စျေးကိုလည်း ဧပြီ ၂၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားတယ်လို့ ဆိုပါတယ်။
အခုလို မော်လမြိုင်မြို့ရဲ့ အဓိက စျေး ၂ စျေးကို ယာယီပိတ်သိမ်းထားပေမယ့် စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ ကုန်စိမ်းစျေးတွေကိုတော့ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတယ်လို့ မော်လမြိုင် ဒိုက်ဝန်းကွင်းစျေး ဒုတာဝန်ခံ ကိုသူရအောင်က ပြောပါတယ်။
ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့ ကုန်စိမ်းစျေးတွေအနေနဲ့ Covid 19 ရောဂါကြောင့် စျေးလာသူတွေကို လက်ဆေးကြဖို့နဲ့ လူစုလူဝေးမဖြစ်အောင် အရောင်းအဝယ်ပြုလုပ်ကြဖို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကက ညွှန်ကြားထားပါတယ်။
ဇော်လွင်ထွဋ်