ဧရာဝတီတိုင်းတွင် တန်ခိုးကြီးဘုရားများ ဖူးမြော်ခွင့် ၁၀ ရက်ကြာပိတ်
DVB
·
April 11, 2020
ဧရာဝတီတိုင်းထဲက လူအများ လာရောက်ဖူးမြော်လေ့ရှိတဲ့ တန်ခိုးကြီးဘုရားတွေနဲ့ စေတီတော်တွေကို ဧပြီလ ၁၀ ရက်နေ့ကနေ စတင်ပြီး ဧပြီလ ၁၉ ရက်နေ့ထိ ၁၀ ရက်ကြာ ဘုရားဖူးမြော်ခွင့် ပိတ်ထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
“ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပိတ်ထားတာပါ၊ လူအများစုလာနိုင်တဲ့ ဒီ တတိုင်းလုံးက ဘုရားတွေကို ဖူးမြော်ခွင့်ပိတ်ထားတာပါ။ ရောဂါ ကာကွယ်ရေးအတွက် ပိတ်ထားတာပါ၊ လူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေကို ပိတ်ထားတဲ့သဘောပါ” လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က DVB ကိုပြောပါတယ်။
တန်ခိုးကြီးဘုရားတွေနဲ့ စေတီတော်တွေကို ဖူးမြော်ခွင့်ပိတ်ထားတဲ့ အကြောင်းကို သီးသန့်စာထုတ် ညွှန်ကြားတာမျိုးတော့မရှိဘဲ နှုတ်နဲ့ညွှန်ကြားခဲ့ပြီး ဧရာဝတီတိုင်း Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ဧပြီလ ၈ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ညွှန်ကြား ချက်ထဲမှာ ထည့်သွင်းထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
ဘုရားပေါ်မှာ ၂၅ နှစ်ကြာ ဘုရားပန်းရောင်းတဲ့အလုပ်လုပ်ကိုင်သူ မခင်မာကြူက “သူတို့ကတော့ ရောဂါပြန့်ပွားမှာစိုးလို့ ပြည်သူတွေရဲ့ လုံခြုံဖို့အတွက်ကို ပိတ်လိုက်တာလို့ ယူဆပါတယ်။ အရင်တုန်းကတော့ ခုလိုပိတ်တာမျိုးမရှိဘူး၊ သင်္ကြန်မှာတော့ ပိတ်တာ တခါမှ မရှိခဲ့ဘူး။ ခုလို နေ့ကြီးရက်ကြီးမှာပိတ်တော့ နည်းနည်းတော့ အရောင်းဝယ်ထိခိုက်တာပေါ့” လို့ ဒီဗွီဘီကိုပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဗုဒ္ဓဘာသာ သာသနိကအဆောက်အအုံတွေသာမက အခြားဘာသာဝင်တွေရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဝတ်ပြုတဲ့ အဆောက်အအုံတွေကိုပါ လူစုလူဝေး ဖြစ်ပေါ်လာမှာစိုးတာကြောင့် မတ်လလကုန်ပိုင်းကနေစလို့ လူစုလူဝေးနဲ့ ဝတ်ပြုတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံ ပန်ကြားတာတွေ ပြုလုပ်ထားတာပါ။
ပုသိမ်မြို့က သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်၊ ရွှေစည်းခုံစေတီတော်နဲ့ ဇလွန်ပြည်တော်ပြန်ဘုရား၊ အကောက်တောင်ဘုရား၊ မော်တင်ဘုရားနဲ့ ဘုရားဖူးအများအပြား လာရောက်လေ့ရှိတဲ့ တန်ခိုးကြီးဘုရားတွေကိုလည်း ပိတ်ထားမှာလည်း ဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)