Home
မြန်မာသတင်း
ဂျင်မီကာတာ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည်
DVB
·
April 5, 2013
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသွားဖို့ ရှိပြီး မြန်မာနိုင်ငံမှာလည်း ရုံးခန်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်း ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီနေ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာလို့ ၈၈ မျိုးဆက်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။ “သူက ဒီမှာ ရုံးခန်းဖွင့်ဖို့ ရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း စောင့်ကြည့်လေ့လာမှု ကိစ္စတွေမှာ ကျနော်တို့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး ကွန်ရက်လုပ်ခဲ့တဲ့အကြောင်း ပြောပြတယ်။ သူတို့ကလည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက်ကို စောင့်ကြည့်လေ့လာဖို့ကိစ္စတွေ၊ ကြိုတင်ပြင်ဆင်ဖို့ကိစ္စတွေ ရှိတယ်ဆိုတော့ တချို့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဖြစ်တယ်။” တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ပြုပြင်ပြောင်းလဲရေးကာလမှာ ကြုံတွေ့မယ့် အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။ “ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ်မှာရယ်၊ ရှေ့ဆက်ရမယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အသွင်းကူးပြောင်းရေးကာလမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိမ်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတွေ၊ လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ထင်ရှားတဲ့ ဖြစ်ရပ်တွေအပေါ်မှာ ၈၈ မျိုးဆက်တွေရဲ့သဘောထားအမြင်တွေကို အပြန်အလှန် ဖလှယ်ခဲ့ကြတယ်။” ဂျင်မီကာတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ်မှာ အတော်စိတ်အား ထက်သန် နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အချိန်အကန့်အသတ်ကြောင့် အသေးစိတ်ဆွေးနွေးတာတွေ မရှိခဲ့ဘဲ ဂျင်မီကာတာ ရုံးခန်းဖွင့်ပြီးမှ နောက်ထပ် မြန်မာနိုင်ငံ အရေးကိစ္စတွေကို အသေးစိတ် ထပ်မံဆွေးနွေးမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း နိုင်ငံတကာရဲ့ အကူအညီပံ့ပိုးမှု အခန်းကဏ္ဍ ဟာ အရေးပါတယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ဂျင်မီကာတာဟာ ဧပြီ ၂ ရက်ကနေ ၆ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င်  အစိုးရထိပ်တန်းခေါင်းဆောင်တွေ၊ အတိုက်အခံပါတီခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဖြစ်ပြီး ၁၉၇၇ ခုနှစ်က အမေရိကန်သမ္မတ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ကာတာဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ပြည်သူတွေရဲ့ကျန်းမာရေး ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေကို  လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024