COVID-19 ရောဂါကာကွယ်ရန် မကွေးမြို့မစျေး စျေးသည်များကို Mask များ အခမဲ့ ဖြန့်ဝေ
DVB
·
April 11, 2020
မကွေးတိုင်း၊ မကွေးမြိုမစျေးမှာ ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက စျေးရောင်းချသူတွေကို နှာခေါင်းစည်း Mask တွေ အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်းက ပြောပါတယ်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စျေးရောင်း စျေးဝယ်တွေ နှာခေါင်းစည်း Mask တပ်ပြီးမှ ရောင်းဝယ်ကြဖို့ ပန်ကြားလွှာ ထွက်လာပါတယ်။ အလှူရှင်တဦး ပေါ်ပေါက်လာတဲ့အတွက် မကွေးမြို့မစျေးမှာ နှာခေါင်းစည်း Mask ခုရေ ၂၅၀ အခမဲ့ ဖြန့်ဝေပေးခဲ့တာပါ။”
အလှူရှင် ပေါ်ပေါက်လာပါက မြို့ပေါ်မှာရှိတဲ့ တခြားစျေးတွေကိုလည်း ထပ်မံဝေငှပေးသွားမှာ ဖြစ်သလို COVID-19 ရောဂါ ကာကွယ်နိုင်အောင် စျေးပိတ်ရက်တွေမှာ ကလိုရင်း ပိုးသတ်ဆေးတွေလည်း ဖျန်းပေးထားတယ်လို့ ပြောပါတယ်။
“စည်ပင်သာယာအဖွဲ့အနေနဲ့ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် မြို့ပေါ်ရပ်ကွက်တွေကို နေ့စဉ် လှည့်လည်ပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။ အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံတွေကိုလည်း ယာယီပိတ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင်တော့ အရေးယူသွားမှာပါ” လို့ ဦးအောင်မျိုးသိန်းက ဒီဗွီဘီကို ပြောပါတယ်။
COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ မကွေးတိုင်းအစိုးရအဖွဲ့က ခရီးအသွားအလာ ကန့်သတ်ချက်တွေ အပါအဝင် အချက် ၉ ချက် ပါဝင်တဲ့ ပန်ကြားလွှာတစောင် ထုတ်ပြန်ထားပါတယ်။
မင်းထီး