Live
Home
မြန်မာသတင်း
COVID-19 လူနာနံပါတ် ၂၇ နှင့် ထိတွေ့ခဲ့သူများကို စုံစမ်း၊ မိသားစုဝင် ၁၆ ဦးကို စောင့်ကြည့်  
DVB
·
April 11, 2020
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်နေပြီး လတ်တလောမှာတော့ မိသားစုဝင် ၁၆ ဦးကို Hospital Quarantine ထားပြီး စတင် စောင့်ကြည့်နေပါတယ်။  ကျိုက်မရောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံက ပြန်လာသူ လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့သူတွေကို စတင် ဖော်ထုတ်နေတာပါ။ အခုလို စုံစမ်းဖော်ထုတ်ရာမှာ လူနာနံပါတ် ၂၇ ဟာ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံမှာ ကြက်ခတ်ကုန်းကျေးရွာ အမျိုးသမီးတဦးနဲ့ ၈ ရက်အကြာ အတူ နေထိုင်ခဲ့ပါတယ်။ ဒါကြောင့် အတူနေထိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုဝင် ၈ ဦးအပြင် လူနာနံပါတ် ၂၇ ရဲ့ မိသားစုဝင် ၈ ဦး၊ စုစုပေါင်း ၁၆ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ စတင်စောင့်ကြည့်နေတယ်လို့ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။ လက်ရှိမှာတော့ အဆိုပါ အမျိုးသမီးတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ဆက်လက် ဖော်ထုတ်နေတာပြီး သူတို့ရဲ့ နှစ်ဦး နေထိုင်ခဲ့တဲ့ နေအိမ် ပတ်ဝန်းကျင်က အိမ် ၁၇ လုံးကိုလည်း Lockdown ချထားလိုက်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့ ကျေးရွာတွေကို ပိုးသတ်ဆေးဖျန်းဖို့နဲ့ ရွာလုံးကျွတ် mask တွေ တပ်ဆင်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ အခုလို Lockdown ချပြီး အသွားအလာ ကန့်သတ်ထားတဲ့ နေအိမ်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေက အစားအသောက်တွေ အပြည့်အဝ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ် Covid 19 ရောဂါ ပိုးတွေ့ခဲ့တဲ့ လူနာ နံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေအပြင် အတူနေ အမျိုးသမီး မိသားစုဝင်တွေရဲ့ ဆေးစစ်ဆေးချက်တွေကို အမျိုးသားဓာတ်ခွဲဌာန NHL ကို ပို့ဆောင်စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ဒီဗွီဘီကို ပြောပါတယ်။ ဇော်လွင်ထွဋ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024