“အစိုးရက ငတ်သေအောင် လုပ်နေတယ်” မက္ကဆီကို လိင်အလုပ်သမားတဦး
DVB
·
April 10, 2020
မက္ကဆီကိုနိုင်ငံမှာ လိင်လုပ်သားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို ကြောက်ပေမယ့် လမ်းတွေပေါ်မှာ နေထိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ် ကူးစက်ကပ်ဘေးကြောင့် သူတို့နေထိုင်အလုပ်လုပ်ရာ ဟိုတယ်တွေကို အစိုးရက ပိတ်ပစ်ခဲ့အပြီးမှာ ယာယီတဲတွေနဲ့ လမ်းဘေး လူသွား စင်္ကြန်တွေပေါ်မှာ အိပ်နေကြရတာလို့ လိင်လုပ်သားတွေက ပြောပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဝေငှတဲ့ စားစရာ အနည်းငယ်ကိုသာ မှီခိုနေရသလို ရာဇဝတ်သားတွေရဲ့ ဘေးကနေ လွတ်အောင်လည်း အချင်းချင်း ကူညီဖေးမနေရတယ်လို့ ဆိုပါတယ်။
“အစိုးရက ငတ်သေအောင် လုပ်နေတယ်၊ အလုပ်မရှိ အကူအညီမရှိဘဲ သူတို့က ဒီအတိုင်း ပစ်ထားတယ်။ ကျမတို့မှာ စောင့်ရှောက်ဖို့ မိသားစုတွေ ရှိနေပေမယ့် လိင်လုပ်သားတွေ ဖြစ်နေလို့ ကူညီနေတဲ့ ခံစားခွင့်တွေ မရနေဘူး” လို့ အသက် ၂၆ နှစ်အရွယ် လိင်ပြောင်း လိင်လုပ်သားတယောက်က ပြောပါတယ်။
မက္ကဆီကိုစီးတီး တမြို့တည်းမှာတင် လိင်လုပ်သား အယောက် ၇ ထောင်လောက် ရှိတယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။
ဧပြီ ၁၀ ရက်နေ့ ညနေပိုင်းအထိ မက္ကဆီကိုနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄၄၁ ယောက်နဲ့ သေဆုံးသူ ၁၉၄ ယောက် ရှိပြီလို့ သိရပါတယ်။
မြို့အစိုးရက လိင်လုပ်သားတွေအတွက် ဂေဟာတွေ ထောင်ပေးခဲ့ပြီး COVID-19 အရေးပေါ် ထောက်ပံ့ရေးကတ်တွေနဲ့ အမေရိကန်ဒေါ်လာ ၄၂ ဒေါ်လာကို စားစရာနဲ့ ဆေးဝါးဝယ်ဖို့ ဝေပေးခဲ့ တယ်လို့ ပြောပါတယ်။
တချို့ လိင်လုပ်သားတွေက တရားဝင် စာရွက်စာတမ်း မရှိတာကြောင့် ဘယ်လိုခံစားခွင့်မှ မရခဲ့ဘူးလို့ ပြောပါတယ်။
အကူအညီအားလုံးကို ကြိုဆိုကြောင်းနဲ့ ကတ်ရရေးအတွက် ရာနဲ့ချီတဲ့လူတွေ ဧပြီ ၈ ရက်နေ့က တန်းစီခဲ့ကြတယ်လို့ လိင်လုပ်သားတွေက ပြောပါတယ်။