မကွေးတိုင်းတွင် စားနပ်ရိက္ခာထောက်ပံ့ရန် ဝင်ငွေမဲ့အိမ်ထောင်စု ၃ သိန်းဝန်းကျင်ရှိ
DVB
·
April 10, 2020
မကွေးတိုင်းအတွင်း မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလ စားနပ်ရိက္ခာထောက်ပံ့ဖို့ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုပေါင်း သုံးသိန်း ဝန်းကျင်ရှိတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီလ ၉ ရက် နေ့မှာ ပြောပါတယ်။
"မကွေးတိုင်းတတိုင်းလုံးကို အစကတော့ ၄ သိန်း ၅ သိန်းနဲ့ များနေတာပေါ့လေ။ ဖောင်းပွ နေတာ အိမ်ထောင်စုပြောတာနော်။ ခုကတော့ အိမ်ထောင်စုအရေအတွက် ၃ သိန်းပတ်ဝန်းကျင် ၃ သိန်းပေါ့။ အဲဒါနဲ့ ပြည်ထောင်စုကိုတင်ပြမှာ။ ပြည်ထောင်စုက ၃ သိန်းလက်ခံတယ်ဆို ဝေတော့မှာပေါ့။"
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၅ ခရိုင်က ရပ်ကွက်ကျေးရွာအုပ်စု ၁၇၃၇ တို့မှာ ခေါင်းရွက်ဖျက်ထိုးဈေးသည်၊ ဆိုက်ကား၊ မြင်းလှည်း၊ ဆိုင်ကယ်ကယ်ရီ၊ စက်လှေမောင်း၊ နေ့စားအလုပ်သမားများ၊ လယ်မဲ့ယာမဲ့လယ်အလုပ်သမား၊ ကျပန်း အလုပ်လက်မဲ့အပါအဝင် အိမ်ထောင်စု စုစုပေါင်း ၂၉၆၃၅၄ စု ရှိတယ်လို့ သိရပါတယ်။
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားချိန်ကာလ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစုကို ဆန် ၈ ပြည်၊ ဆီး ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန် ၁ ပိဿာတို့ကို ဧပြီ ၁၀ ရက်နေ့မှစတင်ကာ နိုင်ငံတော်အစိုးရက အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ကိုလင်း(ချောက်)