Homeမြန်မာသတင်း
COVID- 19 လူနာ အမှတ် ၂၄ နှင့် ထိတွေ့ခဲ့သည့် မြောက်ဒဂုံက မိသားစုကို နေအိမ်တွင် စောင့်ကြည့်
COVID- 19 လူနာ အမှတ် ၂၄ နှင့် ထိတွေ့ခဲ့သည့် မြောက်ဒဂုံက မိသားစုကို နေအိမ်တွင် စောင့်ကြည့်
သူသူအောင်
·
April 10, 2020
COVID- 19 အတည်ပြုလူနာ နံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၆ ရပ်ကွက်၊ မင်္ဂလာသုခ ၂ လမ်းနေ မိသားစုဝင် ၆ ဦးကို ဧပြီလ ၁၀ ရက်မနက်က နေအိမ်မှာပဲ သီးသန့်စောင့်ကြည့်ဖို့ quarantine ချထားလိုက် ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၂၄ ဟာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၂) နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရာက မတ်လ ၁၉ ရက်မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
အဆိုပါပုဂ္ဂိုလ်မှာ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရကြောင်း ဒီကနေ့ မနက်အစောပိုင်းမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် သူ့ကို ကားနဲ့လိုက်ပို့ပေးခဲ့သူရဲ့ မိသားစုဝင်တွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ ညွှန်ကြားခဲ့တာပါ။
လက်ရှိအချိန်အထိတော့ မိသားစု ၆ ဦးစလုံး ကျန်းမာရေးကောင်းမွန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုရော စာသောက်စရာတွေပါ အပြည့်အစုံ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ ၄၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အခုလို ရောဂါ ကူးစက်ခံရသူတွေနဲ့ထိတွေ့ ဆက်ဆံခဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေနဲ့ ကျန်းမာရေးဦးစီးဌာနတို့က ကျန်းမာရေး စောင့်ရှောက်မှုတွေကိုသေသေချာချာ ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောပါတယ်။