ပြည်မြို့ဘူတာကို ရထားဖြင့်ရောက်လာသည့် နိုင်ငံခြားသား ၃ ဦးကို ရန်ကုန်ပြန်ပို့
မင်းညို
·
April 10, 2020
ပဲခူးတိုင်း၊ ပြည်မြို့မီးရထားဘူတာရုံကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား ၃ ယောက်ကို ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြည်မြို့ထဲ ဝင်ခွင့်မပေးဘဲ ရထားနဲ့ ရန်ကုန်ကိုပြန်တင်ပေး လိုက်ပါတယ်။
ဧပြီ ၉ ရက်က ပြည်မြို့ ဘူတာကို ဆိုက်ရောက်မယ့် ပြည်-ရန်ကုန် အမြန်ရထားပေါ်မှာ နိုင်ငံခြားသား ၃ ယောက်လိုက်ပါလာပြီး ရထားပေါ်မှာ Mask မတပ်ဘဲ တတွဲကနေ တတွဲကို လျှောက်သွားနေတယ်ဆိုပြီး မီးရထားဝန်ထမ်းတွေက သက်ဆိုင်ရာထံ ကြိုတင် လှမ်းသတင်းပို့ ခဲ့ပါတယ်။
ဒါကြောင့် ပြည်မြို့က အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်ရထားမဆိုက်မီ ပြည်ဘူတာမှာ လာရောက်စောင့်ဆိုင်းခဲ့ကြပြီး ရန်ကုန်က တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ကာ နိုင်ငံခြားသားတွေကို ရထားနဲ့ပြန်လည်တင်ပေးလိုက်တာလို့ ပြည်ဘူတာ အထူးတန်းရုံပိုင်ကြီး ဦးစိုးလှက ပြောပါတယ်။
ပြည်မြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်ကလည်း “ အခုအချိန်က ကိုရိုနာဗိုင်းရပ်စ်ကိစ္စနဲ့ နယ်ဝေးက လာသူတောင် Quarantine လုပ်နေရတာ။ နောက် ဒီနိုင်ငံခြားသားတွေကို ဘယ်ဟိုတယ်က လက်ခံမလဲ။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အကုန်ပိတ်ထားကြတာ။ နိုင်ငံခြားသားတွေကို ရန်ကုန်ဘူတာကြီးက ဘာလို့ လတ်မှတ်ရောင်းလိုက်တာလဲဆိုတာကို သိချင်တယ်။ ကိုဗစ်ဖြစ်ပွားချိန် သူတို့ကို ပြည်မြို့မှာ ထားဖို့ကတော့လုံးဝ မဖြစ်နိုင်တာကြောင့် ရန်ကုန်ကိုပြန်လွှတ်လိုက်တာ” လို့ ပြောပါတယ်။
လဝကဌာန တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ နိုင်ငံခြားသားတွေထဲက ၂ ဦးဟာ ပြင်သစ်နိုင်ငံသားတွေဖြစ်ပြီး မြန်မာနိုင်ငံကို မတ်လ ၂၄ ရက်က နီပေါနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို ဝင်ရောက်လာကြတာပါ။
ကျန်တဲ့တယောက်ကတော့ ဩစတြေးလျနိုင်ငံကဖြစ်ပြီး ပြည်မြို့နယ်ထဲမှာ လာရောက် စိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့ ရွှေပြည်မြေ ကုမ္ပဏီက ဖြစ်ပါတယ်။
သူတို့စီးလာတဲ့ရထားက ည ၈ နာရီခွဲမှာ ပြည်ဘူတာကိုဆိုက်ရောက်ပြီး သူတို့ကို ည ၁၀ နာရီခွဲထွက်တဲ့ ရန်ကုန်ရထားနဲ့ပြန်ထည့်ပေးလိုက်ကာ လမ်းဘူတာတွေမှာ ဆင်းမသွားစေဖို့အတွက် အထူးလုံခြုံရေးတွေလည်း လိုက်ပါသွားပါတယ်။
COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် ပြည်ဘူတာက နေထွက်တဲ့ မီးရထား ခရီးစဉ်တွေကိုလည်း ဒီနေ့ ဧပြီလ ၁၀ ရက်က စပြီးပိတ်သိမ်းလိုက်ပါပြီ။
ဧပြီ ၉ ရက်က ရန်ကုန်မြို့ကို ည ၁၀ နာရီခွဲမှာထွက်သွားတဲ့ ၇၂ အဆန်အမြန် ရထား ကနောက်ဆုံးဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့ကစလို့ ပြည်မြို့ကနေ အဓိကရထားတွေ မထွက်တော့ဘူးလို့ ရုံပိုင်ကြီး ဦးစိုးလှက ပြောပါတယ်။
အခုပိတ်တဲ့ရထားတွေက လက်ပံတန်း-ပြည် ကားရထား၊ နေပြည်တော်-ပြည်၊ ရန်ကုန်-ပြည် အမြန်ရထားတွေဖြစ်ပြီး ကုန်စည်စီးဆင်းမှု ရပ်မသွားစေဖို့အတွက် ပြည်-ကြည့်မြင့်တိုင် ကုန်ရထားတစီးတော့ ဆက်လက်ထွက်ရှိမယ်လို့ သိရပါတယ်။
ပြည်-ကြည့်မြင့်တိုင် ကုန်တင်ရထားကတော့ ပုံမှန်အတိုင်း ရန်ကုန်မြို့ကနေ ၆ နာရီ ခွဲထွက်မှာဖြစ်ပြီး ပြည်မြို့ကို ည ၈နာရီခွဲဆိုက်ရောက်မှာပါ။ နောက် ပြည်ကနေ ည ၁၁ နာရီခွဲပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
မူလက ပြည်မြို့ကထွက်တဲ့ ရထားတွေကို သင်္ကြန်ကာလ ၄ ရက်လောက်ဘဲ ပိတ်ဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကြိုတင်ပြီးပိတ်သိမ်းလိုက်တာ ဖြစ်ပြီး သင်္ကြန်အပြီး ဧပြီ ၁၉ ရက် လောက်မှ ပုံမှန်ပြန်လည် ပြေးဆွဲမှာ ဖြစ်ပါတယ်။