သာစည်တွင် တရက်တည်း အဓမ္မပြုကျင့်မှု ၂ မှု ဖြစ်ပွား
DVB
·
April 10, 2020
မန္တလေးတိုင်း သာစည်မြို့မှာ ဧပြီ ၉ ရက် တရက်တည်း မိန်းကလေးငယ် ၂ ဦးအား အဓမ္မပြုကျင့်မှု ၂ မှု ဖြစ်ပွားခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ကျောက်ပနားရွာအနီး မန်ကျည်းတံခါး ဘုန်းတော်ကြီးကျောင်းမှာ ၁ မှု ဖြစ်တယ်။ နောက်တမှုကတော့ အောင်မြင်သာရွာမှာ ဖြစ်သွားတယ်။ အဓမ္မပြုကျင့်မှု ၂ မှု အမှုဖွင့် အရေးယူထားတယ်" လို့ ပြောပါတယ်။
ကျောက်ပနားရွာ အရှေ့တောင်ဘက် မန်ကျည်းတံခါးဘုန်းတော်ကြီးကျောင်းမှာ ရေတွင်းတူးပေးနေသူရဲ့သမီး အသက် ၅ နှစ်ကျော်အရွယ် ကလေးမကို ၆၅ နှစ်ရှိ ဦးပဉ္စင်းကြီး တပါးက ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ဖခင်ဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
အောင်မြင်သာရွာနေ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို ကျီတိုင်ကုန်းရွာနေ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးက မြင်းခြံမြို့ကို ၂ ကြိမ် ခိုးယူပြီး ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်တယ်ဆိုပြီး ဖခင်လုပ်သူက အမှုဖွင့်ထားတယ်လို့ ရဲအရာရှိက ပြောပါတယ်။
သာစည်မြို့မရဲစခန်းက ၆၅ နှစ်ရှိ ဦးပဉ္စင်းကြီးကို အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၇၆၊ ၁၉ နှစ် လူငယ်ကိုတော့ ခိုးယူမှု၊ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ နဲ့ အသီးသီး အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း