Homeမြန်မာသတင်း
သမ္မတ(ငြိမ်း)နှင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတို့ ပုသိမ်ဆေးရုံကို အလှူငွေများ လှူဒါန်း
သမ္မတ(ငြိမ်း)နှင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတို့ ပုသိမ်ဆေးရုံကို အလှူငွေများ လှူဒါန်း
DVB
·
April 10, 2020
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးတို့က ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၉ ရက်နေ့က အလှူငွေ ပေးအပ်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နဲ့ သားစုက အလှူငွေ သိန်း ၃၀၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ၁၀ သိန်းနဲ့ ယခင်အစိုးရလက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီးတာဝန်ယူခဲ့သူတွေ အပါအဝင် အလှူငွေ စုစုပေါင်း ငွေကျပ် ၁၄၃ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အလှူငွေပေးအပ်ပွဲကိုတော့ ပုသိမ်ဆေးရုံအုပ်ကြီးရဲ့ ဧည့်ခန်းမှာပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနဲ့ ဗဟိုအလုပ်အမှုဆောင်တွေက သွားရောက်လှူဒါန်း ခဲ့တာဖြစ်ပြီး ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက အလှူငွေလက်ခံခဲ့တာပါ။
တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကလည်း ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် PPE ဝတ်စုံ အစုံ ၃၀၊ လက်အိပ် ၃၀ နဲ့ Aircon ၁ လုံးကို ထပ်မံလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပြည်သူ့ပါတီကလည်း COVID-19 ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် PPE ၂၅ စုံနဲ့ Mask အခု ၅၀၀ ကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံးမှာ ဧပြီလ ၅ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
မင်းထက်မုန်း (ပုသိမ်)