ဥဩသံကိုဗဟိုပြုလို့ နွေဦးကံ့ကော်တို့ ဖူးပွင့်ချိန်လည်းလွန်မြောက်ခဲ့ပြီ။ နွေလသံပေါက် ယဉ်ချိန်ရောက်သည်နှင့် ပိတောက်ဦးတို့ ဖူးတော့မည်။ ပွင့်ပေအုံးတော့မည်။ ပန်းပိတောက်ပွင့်တိုနှင့်အတူ“ မြူမှောင်ဝေကင်း… ငွေ ဆင်း စန္ဒ…ပြည်ထောင်…တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ..အေးစေကြောင်းလောင်းတဲ့လုံမေ”တို့ အတာသဘင်ဆင်နွှဲရန် ပြင်ဆင်ကြပေလိမ့်မည်။ ဤကား နှစ်စဉ်မပျက် မြန်မာတို့၏ အတာသဘင်….။
ယခုမူကား… အချို့လုံမပျို၊ လုလင်ပျိုတို့ကား အိမ်တွင်းပုန်၍ အချို့ကမူ ပရဟိတကူညီမှုဆီသို့ ကုသိုလ်ယူနေကြပေလိမ့်မည်။ ကိုဗစ်လူနာတို့ “မုံ့လုံးရေပေါ်သလို”နလန်ထပြီး အလံထူ ‘တုံးကျော်’ နိုင်အောင် ကူညီမစ ကုသိုလ်တော်ယူ ကြပေလိမ့်မည်။ သာဓုအနုမောဒနာခေါ်စရာ ‘မင်္ဂလာ’ တပါးပင်။ အမျိုးကို စောင့်ရှောက်ခြင်းဆိုသည်မှာ ဤသည်ပင် ဖြစ်မည်ထင်သည်။
လူကိုသေစေသော စစ်ပွဲများထက် သတ္တဝါတို့အသက်ကို ကယ်ဆယ်ခြင်းက သာလွန်၍ မွန်မြတ်မြဲပင်။ စစ်ဘုရင်နပိုလီယံထက် နိုက်တင်ဂေးလ်၏ လုပ်ဆောင်ချက်က ပိုမြတ်သည်ကို လူယဉ်ကျေးတို့ နားလည်သိရှိ ပြီးဖြစ်သည်သာ။ စေတနာဆိုးတို့၏ ပြဋ္ဌာန်းမှုကြောင့် ထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုးထက် စေတနာကောင်းတို့၏ ပြဋ္ဌာန်းမှုဖြင့်ထွက်ပေါ်လာသော ဖေးကူမစ ကြင်နာခြင်းတို့က အနှိုင်းမဲ့ပင်။
ကယ်တင်သူသည် “ကရုဏာ-မောတ္တာ၏ အခွင့်အာဏာပိုင်စိုးသူ။ လောကကို တည်ဆောက်သူ။” ပမာဆောင်ရလျှင် ရှေးအခါက ဒေဝဒတ္ထ၏ မြားချက်သင့်ပြီးကျရောက်လာသည့် ဟင်္သာငှက်တကောင်ကို သိဒ္ဓတ္ထမင်းသားက ပြုစုကုသကယ်တင်ခဲ့သည်။ ဤတွင် ‘ဒေဝဒတ္ထမင်းသား’က သူပစ်တဲ့ မြားချက်ထိမှန်ထားသမို့ ငှက်ငယ်ကို သူပိုင်ကြောင်း အငြင်းပွားကြသတဲ့။ ပညာရှိတွေဆီအငြင်းပွားမှုဖြေရှင်းကြတော့၊ ပညာရှိတွေက…“အသက်ဟာတစုံ တခုဖြစ်ရင် အသက်ကယ်သူဟာ သတ်ဖို့အားထုတ်သူထက် သက်ရှိသတ္တဝါကို ပိုပိုင်ထိုက်တယ်။ သတ်သူဟာ လောကကိုဖျက်တာ၊ ဖြုန်းတာ။ ကယ်သူက လောကကို ထိန်းတာ၊ ငှက်ကို သူ့အားပေးပါလေ။” ဟု ဆုံးဖြတ်လိုက်သတဲ့။
ဤပမာစကားအရ ရိုင်းစိုင်းရက်စက်သည့် ဘဝတူခြင်းသတ်ဖြတ်ပွဲတွေ၊ ကိုယ့်ညီနောင်သားအချင်းချင်း သတ်ဖြတ်ပွဲများဆင်နွှဲသူထက် ကယ်တင်သူ၊ စောင့်ရှောက်သူကသာ ပြည်သူကို ပိုပိုင်ထိုက်သည်။ ပြည်သူ့နှလုံးကို ပိုမိုပိုက်ထွေးနိုင်ခွင့်ရရှိခြင်းပင်ဖြစ်သည်။ စစ်ကြောင့် သတ္တန္တရကပ်ကျရောက်နေသည့့် ပြည်တွင်းစစ်ရပ်ဝန်းမှ ပြည်သူတို့အတွက်လည်း လုံမပျိုတို့ လုလင်ပျိုတို့ကူညီလှုပ်ရှား၍ ပရဟိတအကျိုး သယ်ပိုးခဲ့ကြဖူးသည်။ အရိုင်းကောင်တို့ကြောင့် အကြောက်တရားဖြစ်နေသူ ၊ ဒုက္ခရောက်နေသူများကို ကြင်နာယုယထွေးပွေ့ပေးခဲ့ကြဖူးသည်။
ထိုသူတို့ မပျော်နိုင်ချိန်တွင် ပြည်သူတရပ်လုံးလည်း စိတ်ဆင်းရဲခဲ့ကြသည်ပင်။ စိတ်ဆင်းရဲခြင်းတို့ကို ခဝါချ၍ နှစ်ကူးတွင် အတိုးချမေ့ပျောက်ထားလိုက်အုံးမည်ဟု အားခဲထားသူတို့လည်း ယနေ့ကာလတွင် ထင်သလိုမဖြစ်ရန် ကိုဗစ် ၁၉ က ဝင်ရောက်လာပြန်သည်။
ဤတွင် အတာရေဖြင့်ပက်ဖျန်း၍ အေးစေခွင့်မကြုံရသော်လည်း “မေတ္တာရေ” ဖြင့် ငြိမ်းချမ်းနှစ်သိမ့်စေခြင်းကလည်း ‘တန်ခူးမေတ္တာ ’အဖြစ်မှတ်ယူရပေတော့မည်။ အတာသင်္ကြန် ရေ ပက်ကစားခြင်းသည် နှစ်စဉ်မပျက် မြန်မာတို့၏ ရိုးရာပွဲဖြစ်ခဲ့သည်။ တနှစ်တာအညစ်အကြေး တို့ဆေးကြောခြင်းအဖြစ် မှတ်ယူကြသော်လည်း တကယ်တမ်း စိတ် အညစ်ကြေးကို ဆေးကြောသူတို့ နည်းပါးပါလိမ့်မည်။
ယခုမူ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တားဆီး၍ စိတ်အညစ်အကြေးတို့ဆေးကြောရန် အချိန်သင့်အခါသင့်ပင်။ ဤသည်ပင် ရာစုနှစ်တခုအတွင်း ကြုံတောင့်ကြုံခဲသော သမိုင်းမှတ်တိုင်တခုဟုသာ ဆိုရမည်ထင်ပါသည်။ မိမိတို့၏ အပျော်ရေသဘင်ပွဲတော်ကြီးအား ကျောခိုင်း၍ ပြည်သူလူထုအကျိုး မိမိတို့အကျိုးအတွက် အိမ်တွင်းမှာ နေ၍ကူညီခြင်း၊ ပရဟိတလုပ်၍ ကူညီခြင်းတို့ဖြင့် ယခုနှစ်အတာသင်္ကြန်ကို ဖြတ်သန်းရပေအုံးတော့မည်။
ဤသည်ပင် နိုင်ငံသူနိုင်ငံသာအပေါင်း ကပ်ရောဂါဆိုးကြီးမှ လွတ်မြောက်ကြပါစေကြောင်း မေတ္တာရေလောင်းပေးခြင်းမည်ပေသည်ဟု ခံယူအပ်ပေသည်။ ဤမေတ္တာရေလောင်းခြင်းကား ပို၍အေးမြလှပါ၏။ ကူညီသူ လုံမပျိုနှင့်လုလင်ပျို အပေါင်းအားလည်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
“သည်နှစ်သင်္ကြန်…ဟိုနှစ်သင်္ကြန်”တို့ကို လွမ်းနေသော အတာချစ်သူတို့အတွက်လည်း ...... “နောင်နှစ်အတာသင်္ကြန်…စောင့်ကြိုနေမည်”သာ ဟူ၍ပင်…။