Home
မြန်မာသတင်း
ကရင်ပြည်နယ်က စည်ပင်ဝန်ထမ်းများ ရောဂါကာကွယ်ရေးပစ္စည်း ‌မလုံလောက်ဟု ဝန်ကြီးပြော
DVB
·
April 10, 2020
ကရင်ပြည်နယ်က စည်ပင်သာယာဝန်ထမ်းတွေအနေနဲ့ COVID-19 စောင်ကြပ်ကြည့်ရှုရေးစခန်းတွေက တာဝန်တွေကို ထမ်းဆောင်ရာမှာ ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ ‌ပစ္စည်းတွေ ထောက်ပံ့ထားပေမယ့် လုံလောက်မှုမရှိဘူးလို့ စည်ပင်ဝန်ကြီးက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဧပြီ ၉ ရက်က စည်ပင်သာယာရေးဝန်ထမ်း ၁၉၈ ဉီးကို ထောက်ပံ့ငွေနဲ့ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “ဒီစခန်းတွေက ပစ္စည်းတွေကိုလည်း သိမ်းပေးနေရတယ်။ အန္တရာယ်များပါတယ်။ ကျနော်တို့လည်း ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်တဲ့ထောက်ပံ့တာတွေရှိတယ်။ ဆေးဖြန်းတဲ့ဝတ်စုံကအစ လက်အိတ်က အစ လုံလောက်လားဆိုတော့ အလုံအလောက်တော့ မရှိဘူး” လို့ ပြောပါတယ်။ ဘားအံမြို့နယ်စည်ပင်နေ့စားဝန်ထမ်း မသန္တာအောင်က “ကျမတို့က သူများမလုပ်ချင်တဲ့ အလုပ်ကို လုပ်တယ်။ အညစ်အကြေးက အစလုပ်ရတယ်။ ကျမတို့မလုပ်ရင် ဘယ်သူလာလုပ်မလဲ။ ဒီအတိုင်း ထားထားလို့မှ မရတာ။ ရောဂါမဖြစ်အောင်တော့ ဂရုစိုက်ရတာပေါ့” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ၁၀၀၀ ကျော်ကို ဘားအံမြို့မှာ ရောဂါစောင်ကြပ်ကြည့်ရှုရေးစခန်းပေါင်း ၁၁ ခုဖွင့်လှစ်ပြီး ၁၄ ရက်တာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နေထိုင်စားသောက်ရေးတွေ ဆောင်ရွက်ပေးထားတာပါ။ စည်ပင်သာယာဝန်ထမ်းတွေကို လုပ်ငန်းခွင့်မဝင်မီ ပူချိန်တိုင်းတာတွေ ပုံမှန်လုပ်ဆောင်ပေးနေသလို COVID-19 စောင်ကြပ်ကြည့်ရှုရေးစခန်းတွေက တာဝန်တွေကို ထမ်းဆောင်ရာမှာ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့ပေးအပ်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ထောက်ပံ့ငွေနဲ့ ထောက်ပံ့ပစ္စည်းပေးအပ်ရာမှာ စည်ပင်ဝန်ထမ်း ၁၉၈ ဦးကို ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းတွေအပြင် တဦးကို ငွေကျပ် ၂ သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။   ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024