Home
မြန်မာသတင်း
နေပြည်တော်ရှိ တပ်မတော် တည်းခိုစခန်းတွင် နယ်စပ်က ပြန်လာသူ ၂၈၈ ဦးကို စောင့်ကြပ်ထားရှိ
နေဖြိုးဝင်း
·
April 9, 2020
Quarantine လူဦးရေ ၁၅၀၀၀ ကျော်ထိ လက်ခံဖို့ ပြင်ဆင်ထားတဲ့ နေပြည်တော်ရှိ တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှာ ဧပြီ ၄ ရက်မှ ၉ ရက်နေ့ထိ Quarantine ဦးရေ ၂၈၈ ဦး စောင့်ကြပ်ကြည့်ရှုထားတယ်လို့ သိရပါတယ်။ ဧပြီ ၉ ရက်နေ့က အမှတ်(၃) တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ Quarantine လက်ခံထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စခန်းတာဝန်ခံ ဗိုလ်မှူးကြီး အောင်မြတ်စိုးက မီဒီယာတွေကို ရှင်းလင်းပြောတာပါ။ လက်ခံထားတဲ့သူတွေဟာ နေပြည်တော်ကောင်စီနယ်မြေတွင်းကပဲဖြစ်ပြီး နယ်စပ်ဒေသတွေ မှာ သွားရောက်အလုပ်လုပ်ကိုင်ရာက  နေရပ်ပြန်လာသူတွေဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသက ပြန်လာသူတွေ အများစုဖြစ်ပြီး လောက်ကိုင်၊ မူဆယ်၊ နမ့် ခမ်း၊ တာချီလိတ်၊ မြဝတီဘက်တွေက ပြန်လာသူတွေလည်းပါတယ်လို့ သိရပါတယ်။ “အမျိုးသားက ၂၀၂ ဦး၊ အမျိုးသမီးက ၈၆ ဦး ရှိပါတယ်။ ဒါ ၂၈၈ ဦးပေါ့ ဒီနေ့ နောက်ဆုံးအခြေနေပေါ့ ”  လို့ ဗိုလ်မှူးကြီး အောင်မြတ်စိုးက ပြော ပါတယ်။ အခုလို Quarantine လက်ခံတဲ့နေရာမှာ မြို့နယ်ဆေးရုံတွေကတဆင့် လာပို့တဲ့ အချိန်တွေဟာ အပူချိန်တက်တဲ့အချိန်တွေ ဖြစ်တဲ့အတွက် မနက် ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၄ နာရီနောက်ပိုင်းမှသာ တပ်မတော်တည်းခိုရေးစခန်းကိုပို့ဖို့ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ လက်ခံထားတဲ့သူတွေထဲမှာ သံသယလူနာမရှိသေးဘဲ အပူချိန်အရမ်းတက် တဲ့သူ ၃ ဦးကိုတော့ ကုတင် ၃၀၀ ဆေးရုံကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီး အောင်မြတ်စိုးက “အခုလက်ရှိထိတော့ သံသယလူနာတော့မဟုတ်ဘူး အပူချိန်တက်တာ ၃ ဦးရှိခဲ့ပါတယ်။ အဲဒီ ၃ ဦးကို ကုတင် ၃၀၀ ကို ချက်ချင်းပို့ပေးပါတယ်။ သူတို့ကိုတော့ ဒီမှာ အပူချိန်တိုင်းတယ်၊ မသင်္ကာရင် နှစ်ခါလောက်တိုင်းပြီးရင် အပူချိန်မကျဘူးဆို အခန်းထဲကို မထည့်တော့ဘူး တစ်ခါတည်းပဲ ဆေးရုံကို လူနာတင်ယာဉ်နဲ့ စေလွှတ်ပေးပါတယ် ”  လို့ ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ Quarantine နေသူ ၁၀၀၀ ကျော်ရှိပြီး ဧပြီလ ၈ ရက်နေ့က ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ် သုံးခုရှိ ဆေးရုံတွေမှာ Quarantine နေသူ ၅၇ ဦးဟာ ၁၄ ရက်ပြည့်တဲ့အတွက် နေရပ်ပြန်သွားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024