Home
မြန်မာသတင်း
အစိုးရတပ်များ ဆုတ်ပေးရန် ရှမ်းတပ် တောင်းဆို
နန်းမြနဒီ
·
April 4, 2013
ပြီးခဲ့တဲ့လပိုင်းအတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် လွိုင်စေး လွိုင်လန်းဒေသကနေ အစိုးရတပ်တွေ ဆုတ်ခွာပေးဖို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက တောင်းဆိုလိုက်ပါတယ်။ ဧပြီ ၃ ရက်နေ့ ညနေပိုင်းက အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးတို့နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်တာပါ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစ၀်ခေးမောဝ်းက “သမ္မတဆီ တင်ပြပေးဖို့ တောင်းဆိုတယ်။ အဓိက ဒုက္ခသည်ရွာသားတွေ ကိုယ့်ရွာကိုယ်ပြန်ပြီး လုပ်ငန်းကိုင်ငန်း လုပ်နိုင်ဖို့၊ ဆက်ပြီးတော့ ထိုးစစ်တွေ၊ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့တပ်တွေ ပြန်ရုပ်ပေးဖို့၊ တပ်မတော် စစ်ကြောင်းတွေ ရှိနေရင် ရွာသားတွေလည်း မသွားရဲကြဘူး။ သူက (ဦးခင်မောင်စိုး) က သမ္မတဆီ တင်ပြပေးမယ်၊ သက်ဆိုင်ရာ တိုင်းမှူးတွေကိုလည်း တင်ပြပေးမယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်  လွိုင်စေးနဲ့ လွိုင်လန်း တောင်ကုန်းတ၀ိုက်မှာ အခြေချနေတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဖယ်ခိုင်းရာမှာ ရှမ်းတပ်ကလည်း ဖယ်မပေးနိုင်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လ ပထမပတ်ကစပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုတွေကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ရွာပေါင်း ၁၄ ရွာက ဒေသခံ ၇၀၀ ကျော် အိမ်မှာ မနေရဲတော့ဘဲ တန့်ယန်းမြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ထဲမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့် လည်း ပါလာတဲ့အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအနေနဲ့ ကျေးသီး၊ မိုင်းရယ်နဲ့ မိုင်းရှူး မြို့နယ်ထဲက ခနောက်စိမ်းနဲ့ ကျောက်မီးသွေးတွေ တူးဖော်ခွင့်ရရေး တို့ကိုပါ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကို ချီတက်နိုင်ဖို့အတွက် မြန်မာ့တပ်မတော်ဘက်ကရော ရှမ်းပြည်တပ်မတော်ဘက်ကပါ  နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားဖို့နဲ့ အစိုးရတပ်တွေအနေနဲ့ ရှမ်းပြည်တပ်မတော်နယ်မြေထဲ ၀င်လာမယ်ဆိုရင် ကြိုတင် အကြောင်းကြားမှုတွေ ပြုလုပ်နိုင်ဖို့အတွက် တန့်ယန်းနဲ့ မိုင်းရှူးမြို့နယ်တွေမှာ ရှမ်းပြည် တပ်မတော်မြောက်ပိုင်းရဲ့ ဆက်ဆံရေးရုံး ထပ်မံတိုးချဲ့ရေးကိစ္စလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီတခေါက် ဆွေးနွေးမှုကို ရှမ်းပြည်နယ် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ရွှေလီရိပ်သာမှာ ဧပြီ ၃ ရက် ညနေ ၄ နာရီကနေ ၆ နာရီထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အလွတ်သဘောအနေနဲ့သာ  တွေ့ဆုံတဲ့အတွက် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်း မရှိဘူးလို့ ဗိုလ်မှူးစ၀်ခေးမောဝ်းက ပြောပါတယ်။ တွေ့ဆုံပွဲကို အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မတက်ရောက်နိုင်ဘဲ ၀န်ကြီး ၂ ဦးနဲ့ အခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်း၊ ဗိုလ်မှူးစ၀်ခေးမောဝ်း၊ ဗိုလ်မှူး စ၀်နော်လိတ်၊ ဗိုလ်ကြီး စိုင်းအောင်လတ်နဲ့ အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ၀မ်ဟိုင်းဒေသမှာ အခြေစိုက်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ၂၀၁၂ ခုနှစ်ထဲမှာ ပြည်နယ်အဆင့်၊  ပြည်ထောင်စုအဆင့်အနေနဲ့ပါ အပစ်အခတ်ရပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် ထိတွေ့ ပစ်ခတ်မှုပေါင်း ၁၀၀ ကျော် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024