A d v e r t i s e m e n t With Us

ထိုင်းအခြေခံပညာသင်ကျောင်းများ ဇူလိုင် ၁ ရက်နေ့ ပြန်ဖွင့်ရန် သဘောတူ 

COVID-19 ရောဂါကြောင့် ထိုင်းနိုင်ငံက အခြေခံပညာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရာမှာ လာမယ့်ဇူလိုင် ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးက သဘောတူလိုက်ပါတယ်။  အခြေခံပညာကျောင်းတွေရဲ့ ၂၀၂၀ ပထမနှစ်ဝက် စာသင်ကာလကို လာမယ့် ဇူလိုင်လ ၁ ရက်မှာ စတင်ဖွင့်လှစ်ဖို့ ထိုင်းအခြေခံပညာဦးစီးဌာနက အဆိုပြုတင်ပြထားခဲ့တဲ့အပေါ် မနေ့က အစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးမှာ သဘောတူခဲ့တယ်လို့   ထိုင်းဝန်ကြီးများရုံး ပြောခွင့်ရ နန်းနရိ မွန်းဖင်းယိုးဆင်ဝပ်က သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါသဘောတူချက်အရ ဇူလိုင် ၁ ရက်မှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့် အတန်းတချို့မှာ ဝင်ခွင့်စာမေးပွဲတွေကို မေလထဲ ကျင်းပရမှာဖြစ်ပြီး ဇွန်လမှာ အောင်စာရင်းထွက်ကာ ကျောင်းအပ်နှံတာတွေ လုပ်ရမှာဖြစ်တယ်လို့ အခြေခံပညာတာဝန်ရှိတဦးက ထိုင်းရတ်သတင်းဌာနကို ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ပုံမှန်အားဖြင့် ပထမနှစ်ဝက် စာသင်ကာလကို နှစ်စဉ် မေလ ၁၆ ရက်နေ့မှ ဖွင့်ပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာ သီတင်းကျွတ်ကျောင်းပိတ်လေ့ရှိပါတယ်။  ဒုတိယနှစ်ဝက် စာသင်ကာလကို နှစ်စဉ် နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွင့်ပြီး ဧပြီလ ၁ ရက်နေ့မှာ နွေရာသီ ကျောင်းပိတ်ရက်စတင်ပါတယ်။ ဒီနှစ်မှာ COVID-19 ကူးစက်ရောဂါအခြေအနေကြောင့်  ကျောင်းဖွင့်ချိန် နောက်ကျရတာမို့ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း သင်ကြားနိုင်အောင် ခါတိုင်းလို အောက်တိုဘာ (သီတင်းကျွတ်) ရက်ရှည် ကျောင်းပိတ်ရက်တော့ ရှိတော့မှာ မဟုတ်ဘူးလို့ ပညာရေးဌာနက ပြောပါတယ်။  ကူးစက်ရောဂါကြောင့် အစိုးရနဲ့ ပုဂ္ဂလိက အခြေခံပညာသင်ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေ၊ တက္ကသိုလ်ကောလိပ်အသီးသီးတို့ကို ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစတင် ယာယီပိတ်ထားဖို့ အစိုးရက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ခရိုင်နယ်မြေ ကျော်လွန်ပြီး လူစုလူဝေး လေ့လာခရီးရေးသွားခြင်း၊ ပညာရေးလှုပ်ရှားမှုတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။  အဆင့်မြင့်ပညာရေးဦးစီးဌာနကတော့ တက္ကသိုလ်ကောလိပ်အသီးသီးကို နေအိမ်ကနေပြီး အွန်လိုင်းစနစ်နဲ့ သင်ကြားကြဖို့ ညွှန်ကြားထားပါတယ်။ အဆိုပါ တက္ကသိုလ်ကောလိပ်တွေတော့ ဘယ်တော့ပြန်ဖွင့်မယ် မသိသေးပါဘူး ။   ထိုင်းနိုင်ငံ COVID-19 ထိန်းချုပ်ကာကွယ်တားဆီးရေးဗဟိုဌာနရဲ့ ဧပြီ ၈ ရက် ကြေညာချက်အရ ထိုင်းမှာ COVID-19 ကူးစက်ခံရသူပေါင်း ၂၃၆၉ ဦး၊ သေဆုံးသူ ၃၀ ဦး၊ ကုသပျောက်ကင်းသူ ၈၈၈ ဦးနဲ့ လက်ရှိဆေးရုံမှာ တက်ရောက်ကုသနေသူပေါင်း ၁၄၅၁ ဦး ရှိတယ်လို့ သိရပါတယ်။  ကိုးကား- Matichon

A d v e r t i s e m e n t With Us

More News
Up