ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားလည်မည်
DVB
·
April 4, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်လည်ပတ်မယ်လို့ ဂျပန်အစိုးရက ဧပြီ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကျိုတိုတက္ကသိုလ်မှာ သုတေသနစာတမ်းတခုအတွက် ရောက်ရှိနေထိုင်ခဲ့တဲ့အတွက် ဒီခရီးစဉ်ဟာ ဆယ်စုနှစ်သုံးခုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး ဂျပန်ခရီးစဉ်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ “မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း” ခေါင်းစဉ်နဲ့ စာတမ်းကို ကျိုတိုတက္ကသိုလ်အနီး အဆောင်အခန်းနံပါတ် E306 မှာ ပြုစုရေးသားခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၉၈၆ ခုနှစ် ဇွန် ၃၀ ရက်နေ့အထိ ၉ လကြာ နေထိုင်ပြုစုရေးသားခဲ့ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးရအပြီးမှာ အဲဒီအခန်းကို ဒေါ်အောင်ဆန်းစုကြည်အခန်းအဖြစ် ဂုဏ်ပြုပြီး ပြခန်းဖွင့်လှစ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျိုတိုမြို့ကို သွားရောက်လည်ပတ်ပြီး ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပေးမယ်လို့ မျှော်လင့်ရပြီး ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေနဲ့ လည်း တွေ့ဆုံဖွယ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးအပါအ၀င် ဂျပန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ တင်ရှိနေတဲ့ အကြွေး ဒေါ်လာသန်းထောင်ပေါင်းများစွာကို လျော်ပစ်ခဲ့သလို မြန်မာနိုင်ငံနဲ့ သီလ၀ါရေနက်ဆိပ်ကမ်းလို စီမံကိန်းအကြီးကြီးတွေမှာ ရင်နှီးမြှပ်နှံဖို့ သဘောတူထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကူအညီပေးမှုအဖြစ် အစိုးရက နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားပြီး အခုလက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေကို ဂျပန်နိုင်ငံကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးနေပါတယ်။