တီးတိန်မြို့နယ်ရှိ COVID-19 လူနာအမှတ် ၁ ကို ကုသပေးသည့် ဆရာဝန်တွင် ရောဂါပိုးမတွေ့ရ
ပိုင်စိုး
·
April 8, 2020
COVID-19 အတည်ပြုလူနာအမှတ် ၁ ကို ပထမဆုံး ကုသပေးခဲ့တဲ့ ဆရာဝန်မှာ ရောဂါပိုးမတွေ့ရသလို လူနာနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ၁၃ ယောက်ကိုလည်း စစ်ဆေးဖို့ နမူနာတွေ ယူသွားပြီဖြစ်ပါတယ်။
လူနာအမှတ် ၁ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာကိုရောက်ပြီးတဲ့နောက် ဖျားနာလို့ ရွာကဆေးခန်းမှာ ပြသခဲ့တာပါ။ ဒီနောက် COVID-19 ရောဂါလက္ခဏာတွေ တွေ့ရလို့ တီးတိန်ဆေးရုံကို လွှဲပြောင်းခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တာပါ။
သူ့ကိုပထမဆုံးကုသပေးခဲ့တဲ့ဆရာဝန်ဟာ အဲဒီနောက်မှာ ကလေးမြို့ကိုသွားပြီး အိမ်မှာပဲ ၁၄ ရက်ကြာ ကိုယ့်ဖာသာ စောင့်ကြည့်ခဲ့ပါတယ်။ စောင့်ကြည့်ကာလပြီးပေမယ့် သူနဲ့အတူ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို နှာခေါင်းနဲ့ လည်ချောင်းတို့ဖတ်နမူနာယူ စစ်ဆေးတာမရှိလို့ကြောင့် လူမှု ကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီနောက်မှာတော့ ဧပြီ ၆ ရက်က ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သူ့ဆီက နမူနာယူသွားပြီး ရောဂါပိုးမတွေ့ရဘူးလို့ ဧပြီ ၇ ရက်မှာ သူ့ဆီကို အကြောင်းပြန်လာပါတယ်။ “ကျနော်ကတော့ ကလေးမှာပဲ ရှိနေဦးမှာပါ။ ရွာကလည်း ပိတ်ထားသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျနော့်ကိုရော၊ လူနာနဲ့ ထိတွေ့ခဲ့တဲ့ ရွာသားတွေကိုရော စစ်ဆေးပေးတယ်ဆိုတဲ့အတွက် ကျနော်တောင်းဆိုတာ အောင်မြင်တယ်ပြောရမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကပ်တဲလ်ရွာကို မတ် ၂၅ ရက်ကစပြီး ရွာကို ဝင်ထွက်ခွင့်ပိတ်ထားခဲ့ပြီး ခုတော့ နောက်ထပ် ၇ ရက် ထပ်တိုးပိတ်ပင်ထားပါတယ်။
ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဒိုဇတွောင်က “လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၃ ယောက်ဆီက swab (သလိပ်နမူနာ) ကို ဒီနေ့ပဲ လာယူပါတယ်။ အရပ်သား ၁၀ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်း ၃ ယောက်ပါ။ ရွာကိုလည်း Lock Down လုပ်တာ နောက်ထပ် ၇ ရက်ထပ်တိုးထားပါတယ်။ Home Quarantine လုပ်ထားတာ ၃၆ ယောက်ရှိပြီး သူတို့ကိုလည်း ရက်ထပ်တိုးထားပါတယ်” လို့ ပြောပါတယ်။
ရွာမှာ လူပေါင်း ၃၆၀၀ ကျော်ရှိပြီး ရွာသားတွေ စားဝတ်နေရေးအတွက် ပြည်နယ်အစိုးရနဲ့ အန်ဂျီအိုတခုတို့က ထောက်ပံ့ထားပြီး အဆင်ပြေတယ်လို့လည်း သူက ပြောပါတယ်။
COVID-19 ရောဂါပိုးရှိသူ လူနာအမှတ် ၁ ဟာ မတ်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံကနေ ထွက်လာခဲ့ပြီး မတ်လ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကာ တရက်ထဲမှာပဲ ကလေးမြို့ကို မြန်မာ့လေကြောင်းလိုင်းနဲ့ သွားရောက်ခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ အဖျားတက်ပီး ၂၁ ရက်နေ့မှာ တီးတိန်ဆေးရုံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။