အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကျန်းမာရေးဝန်ကြီးဌာန သတိပေး
DVB
·
April 3, 2013
အပူပိုင်းနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြသူတွေအနေနဲ့ အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုကာကွယ်ကြပါလို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်လိုက်ပါတယ်။
ဒီနှိုးဆော်ချက်ဟာ သင်္ကြန်ကာလ လည်ပတ်ကြမယ့်သူတွေနဲ့ နေပူကျဲကျဲအောက်မှာ မဖြစ်မနေ သွားလာလှုပ်ရှားကြမယ့်သူတွေအတက် သတိပြုလိုက်နာရမယ့်အချက်တွေ ဖြစ်ပါတယ်။
နှိုးဆော်ချက်ထဲမှာ ပူပြင်းတဲ့ နေရောင်ခြည်ကျရောက်နိုင်တဲ့ မနက် ၄ နာရီကနေ ညနေ ၄ နာရီအတွင်း အလုပ်လုပ်သူတွေ၊ နေရောင်ခြည်အောက်မှာ သွားလာလှုပ်ရှားသူတွေနဲ့ မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ရေကစားသူတွေ ကလေးငယ်တွေ သတိပြုကာကွယ်ကြဖို့ သတိပေးထားပါတယ်။
နေရောင်အောက်မှာ သွားလာလုပ်ကိုင်ရင် ဦးထုပ်၊ ထီးဆောင်ဖို့၊ သနပ်ခါး သို့မဟုတ် နေရောင်ခံဆေးလိမ်းဖို့ တိုက်တွန်းထားပါတယ်။
နွေကာလမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်ပူရှိန်တက်တာ၊ ကြွက်တက်တာ၊ သတိလစ်တာတွေအပြင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
တနှစ်ပတ်လုံးကျရောက်နေတဲ့ ခရမ်းလွန်ရောင်ခြည်ဟာလည်း နေလောင်တာ၊ အသားညိုတာတွေသာမက မျက်စိတိမ်စွဲတာ၊ အရေပြား အိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်းတာ အရေပြားကင်ဆာတွေပါ ဖြစ်နိုင်တယ်လို့ သတိပေးချက်က ဆိုပါတယ်။
အခုလို ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်နေချိန်မှာ အရောင်ရင့်ရင့်ထူထူ အ၀တ်တွေ ၀တ်ဆင်ကြဖို့၊ စံချိန်စံညွန်းမြင့်တဲ့ နေကာမျက်မှန်တပ်ဖို့ လမ်းညွန်ထားပါတယ်။
ကလေးငယ်တွေဟာ လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုအန္တရာယ်ကို ပိုခံစားရတာကြောင့် အသက်တနှစ်အောက်ကလေးတွေကို နေပူထဲမခေါ်ဖို့၊ အရိပ်မှာထားဖို့နဲ့ အပြင်ထွက်ဖို့ လိုအပ်ရင် နေရောင်ခံလိမ်းဆေး သို့မဟုတ် သနပ်ခါး လိမ်းဖို့၊ ခရမ်းလွန်ရောင်ခြည်မဖောက်နိုင်တဲ့ အ၀တ်အစားဝတ်ဖို့ နေကာမျက်မှန်တပ်ဖို့ ဦးထုပ်၊ ထီးဆောင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။