Home
ဆောင်းပါး
တီးတိန်မြို့နယ်က အင်္ဂလိပ်စစ်သင်္ချိုင်းဟောင်း
Aung Ko Latt
·
April 8, 2020
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တီးတိန်-သိုင်းငင်းကားလမ်းမဘေးရှိ လေထန်ကုန်းအနီး (ဖို့တ်ဝှိုက်ခံတပ်ကုန်းအနီး)မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့တဲ့ အင်္ဂလိပ်စစ်သားတွေ မြှုပ်နှံထားရာ စစ်သင်္ချိုင်းဟောင်းတခုရှိပြီး နှစ်စဉ် နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းက လူတွေ လာရောက်လေ့လာနေကြပါတယ်။ စစ်ကျန်ပစ္စည်းတွေကို ရှာဖွေရင်း အသက်မွေးဝမ်းကျောင်းပြုနေကြသူ တချို့ ရှိနေကြပြီး အခုအချိန်မှာတော့ ခံတပ်ဟောင်း၊ ကတုတ်ကျင်းဟောင်း၊ စစ်စခန်းချခဲ့ရာနေရာတွေမှာ စစ်ကျန်ပစ္စည်းတွေ အတွေ့နည်းလာလို့ စစ်သင်္ချိုင်းဟောင်းကို ဦးတည်လာကြပြီဖြစ်ပါတယ်။  အနီးပတ်ဝန်းကျင်ရှိ ဒေသခံတဦးရဲ့ ပြောပြချက်အရ ဖို့ထ်ဝှိုက်ခံတပ်အနီးမှာ အင်္ဂလိပ် စစ်သင်္ချိုင်းအပြင် ဂျပန်စစ်သင်္ချိုင်းတခုလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဆိုပါနေရာကိုလည်း အခုနှစ်အတွင်း ဂျပန်အရိုးကောက်အဖွဲ့ လာရောက်တာတွေ ရှိခဲ့ပြီး ရိုးရာအတိုင်း ပူဇော်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရရှိတဲ့ စစ်ကျန်အသုံးအဆောင်ပစ္စည်းတချို့ကို နိုင်ငံခြားသားတွေက ဝယ်ယူတာတွေရှိသလို စစ်သားအရိုးတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ဝယ်ယူကြတဲ့အတွက် သီးသန့်ရှာဖွေတဲ့ ဒေသခံတွေလည်း ရှိလာနေတာပါ။ စစ်သင်္ချိုင်းဟောင်းကို လိုက်ပို့ပေးခဲ့တဲ့ ဒေသခံတဦးက “တချို့ စစ်အသုံးအဆောင်တွေ ရကြတယ်။ ရတဲ့ဟာတွေ ဝယ်သူရှိတော့ ရောင်းတဲ့အခါ သိန်းချီပေးကြတယ်။ ဒါနဲ့ တခြားဟာ မလုပ်တော့ဘဲ ဒါပဲ ရှာတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ဒီနားရွာက လူနှစ်ယောက် လာပြီးတော့ အလောင်းတွေ ပြန်တူးကြတယ်။ ဘာတွေ ရသွားတယ်တော့ မသိဘူး။ အထုပ်ထဲ ထည့်ပြီး ယူသွားကြတယ်။ ဆံပင်တွေတောင် ကျန်နေသေးတယ်။ ဆံပင်က အနီရောင်နဲ့ဆိုတော့ အင်္ဂလိပ်စစ်သားပဲ ဖြစ်မှာပေါ့။ သူတို့ တူးတာကိုလည်း ဘယ်သူမှ မတားကြဘူး။ တားရမှန်းလည်း မသိတာ ပါတာပေါ့။ သူတို့က ရောင်းစားဖို့ တူးတာလည်း ဖြစ်ရင်ဖြစ်မယ်။ တချို့က အလောင်းနဲ့အတူ တန်ဖိုးကြီး အသုံးအဆောင်တွေ မြှုပ်နှံတာရှိတော့ ဒါတွေ လိုချင်လို့လည်း ဖြစ်မှာပေါ့။"လို့ ပြောပါတယ်။ လက်ရှိမှာတော့ သင်္ချိုင်းကို ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည်ပတ်ကြပေမယ့် ထိန်းသိမ်းစောင့်ရှောက်သူ မရှိသလို အစိုးရကလည်း သီးသန့်ပြင်ဆင်ထိန်းသိမ်းစောင့်ရှောက်တာ မရှိသေးပါဘူး။ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကတော့ “သင်္ချိုင်းတွေကို ပြန်တူးတာတော့ မကြားမိသေးဘူး။ ကျနော့်အထင်တော့ သူရဲ့ အဘိုး အဘွားတွေ၊ အရိုးဂူတွေဆိုရင် အမှတ်တရနဲ့ ကျောက်တိုင်လုပ်တာတို့ ပြန်အသစ်ပြင်တာတို့ အဲလိုလေးတွေတော့ ဓလေ့ရှိတာပေါ့။ အဲလိုများလားပေါ့။ အခြားဟာဆိုရင်တော့ မလုပ်တတ်ဘူး။ နယ်မြေခံ ဝန်ကြီးကိုလည်း မေးကြည့်ပါဦးမယ်”လို့ ပြောပါတယ်။ ချင်းတောင်တန်းက သဘာဝတောတောင်တွေ၊ ပေါက်ပင်တွေ၊ စစ်သင်္ချိုင်းဟောင်းတွေက နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်ပြီး နှစ်စဉ် လာရောက်လေ့လာကြတာကြောင့် ခရီးသွားတွေ ဆွဲဆောင်ရာနေရာလည်း ဖြစ်ပါတယ်။ စစ်သင်္ချိုင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နိုင်ငံခြားသားတချို့က ကျေးရွာတာဝန်ရှိသူတွေကို ငွေကြေးထောက်ပံ့တာရှိပေမယ့် လက်ရှိမှာတော့ သင်္ချိုင်းက ဆိုင်းဘုတ်တောင် မရှိတော့သလို တချို့ ကျောက်ပြားနဲ့စီထားတဲ့ မြေပုံတွေကလည်း ပျောက်ကွယ်ပျက်စီးနေပြီ ဖြစ်ပါတယ်။  ဒါ့အပြင် တောင်ဇလပ်ပင်တွေနဲ့ တခြားသဘာဝပေါက်ပင်တွေက တဖြည်းဖြည်း ဝါးမျိုနေပြီဖြစ်လို့ သင်္ချိုင်းမှန်းတောင် မသိသာတော့ပါဘူး။ အရင်က တီးတိန်-သိုင်းငင်း လမ်းမပေါ်ကနေ သင်္ချိုင်းအထိ ကားသွားလို့ရပေမယ့် အခုအခါမှာတော့ ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့အတွက် ကားမသွားနိုင်တော့ပါဘူး။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ “လောလောဆယ်တော့ CBTတွေ ဖွင့်ဖို့တော့ ရှိတယ်။ မြို့တိုင်းနီးနီးမှာပေါ့။ ဖလမ်းဆိုလည်း တာရွှန်းပေါ့။ တီးတိန်ဘက်မှာဆိုလည်း  နှစ်နေရာလောက်ရှိတယ်။ နာမည်တော့ အတိအကျ မမှတ်မိဘူး။ ကျနော်တို့မှာ အစီအစဉ်တော့ ရှိပါတယ်။ ခရီးသွားလုပ်ငန်းအတွက်”လို့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ တီးတိန်မြို့နယ်က ချင်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့ကြီးတမြို့ ဖြစ်သလို အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ အသည်းပုံရေကန် တည်ရှိရာ ရိဒ်ခေါဒါရ်မြို့၊ တွန်းဇံ၊ ကျီခါး စတဲ့ မြို့တွေကို သွားရာ လ မ်းဆုံမြို့လည်း ဖြစ်ပါတယ်။  ဒါ့အပြင် ချင်းပြည်နယ်မြောက်ပိုင်းရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ကနေဒီတောင်ဒေသအခေါ် ထွမ်းဗွမ်းတောင်ထိပ်လည်းရှိပြီး ခြေလျင်တောင်တက်သမားတွေ စိတ်ဝင်စားတဲ့ တောင်လည်း ဖြစ်ပါတယ်။  အမြင့်ပေ ၈၈၇၁ ပေရှိပြီး တောင်ပတ်လည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေနဲ့ အင်္ဂလိပ်တပ်တို့ အပြင်းအထန် တိုက်ပွဲတွေဖြစ်ပွားခဲ့ရာနေရာလည်းဖြစ်ခဲ့ပါတယ်။  တီးတိန်မြို့ ဇိုမီးစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ တီးတိန်မြို့နယ်မှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ ချင်းရိုးရာ စော်ဘွားအိမ်၊ သဘာဝကျောက်လိုဏ်ဂူ တွေအပါအဝင် နေရာ ၂၄ နေရာ ရှိပါတယ်။   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ မိသားစုဝင်ငွေတွေကလည်း တိုးတက်လာမှာဖြစ်လို့ ရှိပြီးသား သဘာဝအရင်းအမြစ်တွေ၊ အထင်ကရ နေရာတွေကို ရေရှည်တည်တံ့အောင် အစိုးရကနေ စနစ်တကျ ထိန်းသိမ်းပေးဖို့လည်း ဒေသခံတွေက လိုလားနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024