နေ့စဉ် သတင်းစာ ၄ ရက်အတွင်း စောင်ရေ ၂ ဆ တိုး
DVB
·
April 4, 2013

သည်ဗွိုက် နေ့စဉ်သတင်းစာဟာ ထုတ်ဝေပြီး ၄ ရက်အတွင်း စောင်ရေ ၂ ဆ တိုးသွား သလို အခြားသတင်းစာတွေလည်း စောင်ရေ တိုးတက်လာကြောင်း တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သည်ဗွိုက် နေ့စဉ်သတင်းစာဆိုရင် ဧပြီ ၁ ရက် စ ထုတ်ဝေစဉ်က စောင်ရေ ၂ သောင်း ၀န်းကျင် ရိုက်နှိပ်ရာကနေ မှာကြားမှုစောင်ရေ တဖြည်းဖြည်း တက်လာပြီး ဧပြီ ၄ ရက်နေ့အတွက် စောင်ရေ ၄ သောင်း ၂ ထောင် ရိုက်နှိပ်ဖြန့်ဝေရတယ်လို့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။
ရွှေနိုင်ငံသစ် သတင်းစာကတော့ ကျပ် ၁၀၀ နဲ့ ဖြန့်မယ်ဆိုပြီး အော်ဒါမှာတဲ့အခါ စောင်ရေ ၈ သောင်း ရှိပြီး အခုနောက်ဆုံးရက် စောင်ရေ ၁ သိန်းကျော် ရိုက်နှိပ်ရတယ်လို့ အယ်ဒီတာချုပ် ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။
လာမယ့် မေလဆန်းမှာ နာမည်ကြီး အလဲဗင်းနေ့စဉ်နဲ့ ရန်ကုန်တိုင်းမ် နေ့စဉ်တွေကိုပါ ထုတ်ဝေလာတော့မှာမို့ သတင်းစာထုတ်ဝေမှုမှာ အပြိုင်အဆိုင် ပိုများလာမှာဖြစ်ပါတယ်။
ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေခွင့်ပြုခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ ပြည်ထောင်စုနေ့စဉ်၊ သည်ဗွိုက်ဒေးလီး၊ ရွှေနိုင်ငံသစ်နဲ့ စံတော်ချိန် သတင်းစာ ၄ စောင် စတင်ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
