Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် Mask စမ်းချုပ်နေ၊ Quarantine ထွက်လာသူများ စည်းကမ်းလိုက်နာရန် တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် Mask စမ်းချုပ်နေ၊ Quarantine ထွက်လာသူများ စည်းကမ်းလိုက်နာရန် တိုက်တွန်း
DVB
·
April 7, 2020
Quarantine က ထွက်လာသူတွေအနေနဲ့ COVID-19 ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ရောဂါဖြစ်ဖို့ အန္တရာယ်ကြီးတယ်ဆိုတာ မမေ့ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ပြောကြားလိုက်တာဖြစ်ပြီး “COVID-19 စိန်ခေါ်မှုကို တာဝေးအပြေးသမား စိတ်ဓါတ်နဲ့ ရင်ဆိုင်ရမှာပါ။ ရေရှည်ရပ်တည်နိုင်ဖို့ အားတွေ မွေးရပါမယ်။ တစ်ရက်ချင်း၊ တစ်ရက်ချင်းကို မှန်ကန်တည်ငြိမ်စွာ၊ အင်အား မပြုန်းတီးအောင် သတိနဲ့ ဖြတ်သန်း သွားကြဖို့လိုပါမယ်။ အစိုးရိမ်လွန်ခြင်းဟာ သတိရှိခြင်း မဟုတ်ပါဘူး။ သတိအားနည်းလို့ အစွန်းဘက်ကို ချော်သွားတာပါ။ တာဝန်အရ ဆောင်ရွက်တာတွေကို မကျေနပ်လို့ ကြမ်းကြမ်းတမ်း တမ်းပြုမူ မှုတွေကြောင့် ဥပဒေအရ အရေးယူ ရတာတွေ တောင်ရှိပါတယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် နှာခေါင်းစည်း Masks တွေ လုံလုံလောက်လောက်ရနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာန ကစီစဉ်နေကြောင်း၊ အိမ်မှာချုပ်ကြဖို့အတွက် စဉ်းစားဖို့လိုတဲ့အကြောင်းနဲ့ ကိုယ်တိုင်လည်း Mask တခု စမ်းချုပ်နေတယ်လို့လည်း ပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေးမှာ ပါဝင်ပံ့ပိုးကူညီနေတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါတယ်။
ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ Quarantine စခန်းတွေမှာ စောင့်ကြည့်ကန့်သတ်ခံရသူတွေထဲက ၁၄ ရက်ပြည့်သွားပြီး ကျန်းမာရေးကောင်းသူတွေဟာ နေအိမ်တွေကို အသီးသီးပြန်သွားနေကြချိန်မှာ ခုလို သတိပေးပြောကြား လိုက်တာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ- STATE COUNSELLOR