အမြန်လမ်းတွင်သွားလာသည့် အိမ်စီးကားများ ရဲကင်းနှင့် ရဲစခန်းတွင် ရပ်နားကြရန် ပန်ကြား
DVB
·
April 7, 2020
ကိုရိုနာရောဂါကပ်ဘေးကာလ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ သွားလာနေတဲ့ ခရီးသည်ပို့ဆောင်ရေး ကားတွေ ဒီနေ့ကစလို့ ရပ်နားမှာဖြစ်လို့ အိမ်စီးကားတွေအနေနဲ့ ရဲကင်းနဲ့ ရဲစခန်းတွေမှာ ရပ်နားကြဖို့ အမြန်လမ်းမကြီးရဲတပ်မှူးရုံးက ထုတ်ပြန်ပါတယ်။
ခရီးသည်ပို့ဆောင်ရေးကားတွေမရှိလို့ အမြန်လမ်းမှာ ကားတွေနည်းသွားမှာဖြစ်ပြီး အိမ်စီးကားတွေ အနေနဲ့ ဘာကြောင့်ပဲ ဖြစ်ဖြစ် ခဏရပ်နားချင်ရင် လမ်းတလျှောက်က ရဲကင်း၊ စခန်းတွေမှာ ရပ်နားဖို့အတွက် အသိပေးလိုက်တာပါ။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲစခန်းတွေဟာ ပျမ်းမျှ မိုင် ၂၀ လောက်အကွာမှာ ရှိကြပြီး ရဲကင်းတွေကတော့ ပျမ်းမျှ ၅ မိုင်လောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးတော့ အမြန်လမ်းမကြီးမှာရှိတဲ့ ယာဉ်ရပ်နားစခန်းတွေကို မတ် ၂၉ ရက်ကစပြီး ပါဆယ်စနစ်နဲ့ပဲ ရောင်းကြဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါကြောင့် ခရီးသွားလာနေတဲ့ ပြည်သူတွေ အပေါ့အလေး ကျန်းမာရေး ကိစ္စတွေ ဖြေရှင်းဖို့အတွက် ရဲစခန်း ၁၆ ခု၊ ရဲကင်း ၄၂ ခုမှာ အသင့်ပြင်ဆင်ထားရှိတယ်လို့လည်း အမြန်လမ်းမကြီးရဲတပ်မှူးရုံးက ဆိုပါတယ်။
လိုအပ်ခဲ့မယ်ဆိုရင် အမြန်လမ်းမကြီးရဲတပ်မှူးရုံးရဲ့ ဖုန်းတွေဖြစ်တဲ့ 09 420 8888 01 ကနေ 09 420 8888 70 အထိ နံပါတ်ပေါင်း ၇၀ ထဲက အဆင်ပြေတာကို ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။