Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် Lockdown မလုပ်ဟု လူမှုရေးဝန်ကြီး ပြော
DVB
·
April 7, 2020
ရှမ်းပြည်နယ်မှာ သင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ဟိုတယ်၊ တည်းခိုခန်းတွေ ပိတ်ဖို့ရှိပေမယ့် ပြည်နယ်တခုလုံးကို Lockdown လုပ်ဖို့ အစိုးရအဖွဲ့အနေနဲ့ စီမံထားတာမရှိသေးဘူးလို့လည်း ရှမ်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။  ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက “လက်ရှိ ပြည်နယ်လုပ်ငန်းကော်မတီအနေနဲ့ လုပ်နေတာက Lockdown လုပ်လိုက်ရင် အသွားအလာတွေ ပိတ်လိုက်ပြီလေ။ ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ၊ လူမှုရေးကိစ္စတွေလည်း ရှိတဲ့အခါကျတော့ လက်ရှိမှာ တောင်ကြီးမှာလည်း Positive မတွေ့သေးတော့ တမြို့လုံးကို Lockdown လုပ်ဖို့ အစိုးရအဖွဲ့အနေနဲ့ စီမံထားတာမရှိသေးပါဘူး။ Case-14 နဲ့ နွှယ်ပြီးတော့ ထိတွေ့ခဲ့တဲ့ လူတို့၊ ကျေးရွာအုပ်စုက ၇ ယောက်နေခဲ့တဲ့အိမ်ကို ကျနော်တို့ Lockdown လုပ်တာတော့ ရှိပါတယ်။ တမြို့လုံးအတိုင်းအတာနဲ့တော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မှာ သင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ဟိုတယ်၊ တည်းခိုခန်းတွေ ပိတ်ဖို့ ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်ထားတဲ့စာကြောင့် ပြည်သူတွေက lockdown ချမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ အဲဒီစာဟာ ပြည်ထောင်စုအစိုးရကအတည်ပြုပေးဖို့ ထုတ်ထားတဲ့စာ ဖြစ်ပြီးတော့ စာထဲပါတဲ့ အကြောင်းအရာက Lockdown ချတာမဟုတ်ဘဲ ပေါက်ခေါင်းလို ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ထုတ်တာ ဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။  “ရှမ်းပြည်နယ်အတွင်းရှိတဲ့ ပြည်သူလူထုအနေနဲ့ COVID-19 ကူးစက်မှုမခံရစေရေးအတွက် ခရီးသွားလာမှုကို လျှော့ချတာ ဖြစ်ပါတယ်။ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီတွေ မပြတ်လပ်စေဖို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကိုတော့ လက်ရှိအတိုင်း ဆက်လက်ဆောင်ရွက်မှာပါ။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို ပိတ်ထားပေးဖို့လည်း ဖြစ်ပါတယ်။ ကစားကွင်းတွေ၊ ရေတံခွန်တွေ၊ ပန်းခြံတွေ၊ အများပြည်သူ သွားလာနိုင်တဲ့ နေရာတွေကို သွားလာလည်ပတ်ခြင်းမပြုဖို့ ပန်ကြားလွှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။” အဲဒီစာဟာ ရှမ်းပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက ပြည်ထောင်စု COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကို တင်ပြဖို့ဖြစ်ပြီး ဧပြီ ၇ ရက်ကစပြီး ၂၄ ရက်အထိ လိုက်နာဖို့  အချက်ငါးချက်ပါတဲ့စာဖြစ်ပါတယ်။ အဓိက ရည်ရွယ်တာက ပြည်သူတွေကို အပြင်မထွက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ သင်္ကြန်တွင်း ရုံးပိတ်ရက်မှာလည်း အိမ်မှာပဲနေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အဲဒီစာထဲပါတဲ့အချက်တွေထဲမှာ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ရပ်နားထားဖို့၊ ဟိုတယ်၊ တည်းခိုခန်းတွေ ပိတ်ထားဖို့ ပန်းခြံ၊ ရေတံခွန်၊ အားကစားကွင်းသို့ သွားရောက်လည်ပတ်ခြင်း မပြုဖို့တွေ ပါရှိပါတယ်။ ဒါပေမယ့် စားသောက်ကုန်နဲ့ ဆေးဝါး၊ ဆေးပစ္စည်းများ၊ စက်သုံးဆီတွေ မပြတ်လပ်ဖို့ ကုန်စည်ပို့ဆောင်ရေးကို ဆက်လက်ဆောင်ရွက်ဖို့စာထဲမှာဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်အတွင်း ခရီးသွားလျှော့ချဖို့နဲ့ ဟိုတယ်၊ တည်းခိုခန်းပိတ်ဖို့ ပန်ကြားစာကြောင့် စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေ ဆက်လက်ပိတ်ပေးဖို့ အုပ်ချုပ်ရေးရေးမှူးတွေက ညွှန်ကြားထားပါတယ်။ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က “ထုတ်ပြန်ထားတဲ့အပေါ် မူတည်ပြီးတော့ စားသောက်ဆိုင်တွေ ပိတ်တယ်၊ အရက်ဆိုင်တွေ ပိတ်တယ်။ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ ပိတ်တယ်။ ကုန်စည်သွားလာမှုကတော့ ပိတ်ဖို့မရှိပါဘူး။ လောလောဆယ် တောင်ကြီးမှာ သွားလာတဲ့ဂိတ်တွေ ၄၀ မှာ မနေ့ကအထိ ပိတ်တာက ဂိတ် ၁၇ ခုလောက် ခရီးသည်မရှိတဲ့အတွက် ပိတ်လိုက်တာပေါ့။ ဂိတ် ၂၀ စွန်းစွန်းတော့ ကျန်သေးတယ်။ အဲဒါကလည်း သတ်မှတ်ချက်အတိုင်း မ.ထ.သ ကော်မတီတွေနဲ့ ညှိနှိုင်းပြီး တဝက်လျှော့မယ်။ ခရီးသည်တယောက်ကို နှစ်ခုံဖြတ်စနစ်နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လုံခြုံအောင် အောက်ခြေကနေ ကြပ်မတ်ပြီး ဆောင်ရွက်နေပါတယ်။ ဆိုင်တွေကတော့ ပါဆယ်ဆွဲတဲ့စနစ်ပဲ ရှိပါတယ်” လို့ ပြောပါတယ်။ အဲဒီပန်ကြားလွှာစာကြောင့် တောင်ကြီးမြို့မှာလိုက်နာမှုရှိနေပြီး ဆိုင်တွေ ကားလက်မှတ် အရောင်းဌာနတွေ ဟိုတယ်တွေလည်းပိတ်ကြပြီဖြစ်ပါတယ်။ တောင်ကြီးမြို့အဝင် ဂိတ်မှာတော့ အသွားအလာမပိတ်ဘဲ ဂိတ်ကြီးလေးခုဖွင့်ထားပြီး ကျန်းမာရေးအတွက် စစ်ဆေး ဆောင်ရွက်နေပါတယ်။ ရှမ်းပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ပျံ့နှံ့ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ပြည်နယ်တခုဖြစ်တဲ့အတွက် ရောဂါဖြစ်ပွားမှုအန္တရာယ်ရှိတဲ့ ဒေသတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့အထိ ထိုင်းနိုင်ငံက ပြန်လာသူ တဦးမှာသာ COVID-19 ရောဂါ အတည်ပြုတွေ့ရှိထားပါတယ်။  သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024