Home
မြန်မာသတင်း
COVID-19 ထိန်းချုပ်ရေး အကျဉ်းသားများလွှတ်ပေးရန် အရပ်ဘက်အဖွဲ့ ၉၀ ကျော်တောင်းဆို
နော်နိုရင်း
·
April 7, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားဦးရေ လျှော့ချပေးဖို့နဲ့ အကျဉ်းသားတွေပြန်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၉၀ ကျော်က ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေဟာ အကျဉ်းသားဦးရေအများဆုံးဝင်ဆန့်နိုင်အားထက် ပျမ်းမျှအားဖြင့် ၁၄၀ ရာခိုင်နှုန်းကျော် လက်ခံထားတဲ့အတွက် အကျဉ်းသားတွေ ပြည့်လျှံ ဆိုးဝါးစွာကြုံတွေ့နေရပြီး အကျဉ်းထောင်မှာ COVID-19 ရောဂါကူးစက်ပြန့်ပွားလာပါက အကျဉ်းထောင်ဝန်ထမ်းနဲ့ သက်ဆိုင်ရာ မိသားစုပေါင်းများစွာကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်  ပြစ်မှုနည်းသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေကို အကျဉ်းထောင်ကနေ  ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မူးယစ်ဆေးဝါးမူဝါဒ ပြောင်းလဲရေး စည်းရုံးအရေးဆိုမှုအဖွဲ့ (မြန်မာ)က  ပြောခွင့်ရသူ ဒေါက်တာ နန်းပန်းအိခမ်းက “အကျဉ်းထောင်ထဲမှာ ရှိတဲ့လူဦးရေကို လျှော့ချဖို့ပေါ့လေ။ အဲဒါမှ ရောဂါကူးစက်နှုန်းကို ကာကွယ်နိုင်မှာပေါ့။ အဲတော့ အကျဉ်းသားတွေလွှတ်ပေးဖို့ပေါ့နော်။ ဘယ်လို အကျဉ်းသားတွေလဲဆိုရင် ကျန်းမာရေး နဂို အခံရှိနေတဲ့လူတွေ၊ ကျန်းမာရေးမကောင်းတဲ့လူတွေ၊ အသေးစားပြစ်မှုနဲ့ထောင်ထဲကို ရောက်နေတဲ့သူတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့လိုမျိုး၊ တချို့ ကျတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ အဖမ်းခံရတဲ့သူတွေလိုမျိုးပေါ့နော်။  လွှတ်တဲ့အခါမှာ ထည့်သွင်းပြီးတော့ စဉ်းစားစေခိုင်းတာပေါ့နော်။ ” လို့ပြောပါတယ်။ ဒါ့အပြင် ထောင်တွင်းမှာ ကျန်းမာရေးဝန်ဆောင်မှုရရှိစေဖို့ အကျဉ်းထောင်အတွင်း ကျန်းမာရေးစည်းကမ်းတွေ ထုတ်ပြန်ပြီး ကာကွယ်ကုသရေးလုပ်ဆောင်နိုင်ဖို့လည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID-19 ကြောင့် အကျဉ်းထောင်နဲ့ အချုပ်စခန်းတွေမှာ ရုတ်တရက်ကပ်ရောဂါပိုး ပြန်ပွားလာနိုင်ခြေရှိပြီး စိုးရိမ်ဖွယ်ကျန်းမာရေး အန္တရယ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ မြန်မာနိုင်ငံ အနှံ့ အကျဉ်းထောင်တွေနဲ့ အချုပ်ခန်းတွေအသီးသီးမှာ အကျဉ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေပူးပေါင်းပြီး လိုက်လံ ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားပါတယ်။  ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာရပ်တန့်ပေးဖို့အတွက် ဆန္ဒထုတ်ပြလို့ ထောင်ချခံရပြီး ဧပြီ ၃ ရက်ကမှ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကတော့  လက်ရှိမှာ အကျဉ်းထောင်အတွင်း သတ်မှတ်ထားတဲ့ အကျဉ်းသား ဦးရေ ပိုများပြားနေပြီး အကျဉ်းထောင်အတွင်းမှာ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေကြောင်း ဒါပေမယ့် COVID- 19 ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားတဲ့အခြေအနေကတော့ အားရစရာတော့ မရှိဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အကျဉ်းထောင်တွေထဲက အကျဉ်းသားဦးရေ လျှော့ချပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။  ဒါ့အပြင်အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေထဲက အာမခံပေးနိုင်သူတွေကို အာမခံပေးဖို့နဲ့ အမိန့်ချပြီးသူတွေထဲက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးနိုင်တဲ့ သူတွေကို လွှတ်ပေးဖို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း တောင်းဆိုထားပါတယ်။ မြန်မာနို်ငငံတွင်း အကျဉ်းထောင်တွေမှာ   ပြင်ပက လာရောက်သူတွေအတွက် အဖျားတိုင်းတာ စစ်ဆေးတာနဲ့ လက်ဆေးကန်တွေလည်း လုပ်ဆောင်ပေးထားသလို အကျဉ်းထောင်အတွင်း ဧည့်တွေ့ဆုံတာနဲ့ပတ်သက်ပြီး အကျဉ်းသားတစ်ဦးကို မိသားစုဝင် တစ်ဦးနဲ့သာ တွေ့ဆုံခွင့်ပေးထားကာ ထောင်ဝင်စာ ဧည့်တွေခွင့်ကိုလည်း   ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ပိတ်ပင်ထားပါတယ်။   ဓာတ်ပုံ- MOH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024