မြန်မာနိုင်ငံတွင် ၂၂ ယောက်မြောက် COVID-19 အတည်ပြုလူနာတွေ့ရှိ
DVB
·
April 6, 2020
အမေရိကန်နိုင်ငံက ပြန်လာတဲ့ အသက် (၅၁)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု တွေ့ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ ဧပြီ ၆ ရက်ည ၈ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၂ (Case-022) ဟာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး လူနာ အမှတ် ၂၁ (Case-021)နဲ့ အတူ မတ်လ ၂၄ ရက်က အမေရိကန်နိုင်ငံမှ လေကြောင်းလိုင်းနဲ့ထွက်ခွာခဲ့ကာ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့က တဆင့် မတ်လ ၂၆ ရက်မှာ ရန်ကုန်လေဆိပ်သို့ ရောက်လာသူဖြစ်ပါတယ်။
ဒီနောက် ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ အသွားအလာကန့်သတ် ဆောင်ရွက်ထားရှိစဉ် သမီးဖြစ်တဲ့ ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နဲ့ အတူ တစ်ခန်းထဲ နေထိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးကို ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှာ ရောဂါတွေ့ရှိတာဖြစ်ပြီး လက်ရှိ လူနာရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၆ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေတွေအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံမှာ အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုနေသူ ၄၆ ဦးအနက် ၁ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် ၄၅ ဦးကတော့ ရောဂါပိုးမရှိဘူးလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ စောင့်ကြည့်လူနာအသစ် ၃၁ ဦး ရှိတယ်လို့ လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ညအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိပြီး ၁ ဦးသေဆုံးကာ ၁၉ ဦးရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၁ ဦးနဲ့ ပြည်မြို့ပြည်သူ့ဆေးရုံကြီးက လူနာ ၁ ဦးတို့ကို အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေပါတယ်။