ကလေးငယ် ၁၃ ဦး သေဆုံးမှု ၀မ်းနည်းကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂ ကြေညာ
DVB
·
April 3, 2013
ဧပြီ ၂ ရက်နေ့ ရန်ကုန်မြို့က ဗလီစာသင်ကျောင်း မီးလောင်ကျွမ်းမှုမှာ ကလေးငယ် ၁၃ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြားရတဲ့အပေါ် ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ၀မ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ကြေညာလိုက်ကြပါတယ်။
ဧပြီ ၂ ရက်နေ့ အီးယူထုတ်ပြန်ချက်မှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်က အလွန်အမင်း စိတ်မသက်မသာဖြစ်ရကြောင်း သူ့ရဲ့ ပြောခွင့်ရသူ မစ်ချယ်မန်းက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဖြစ်ခဲ့တဲ့ စိတ်ဆင်းရဲဖွယ်ရာ အဖြစ်ဆိုး ဖြစ်ပွားစေတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး အရေးတကြီး စုံစမ်းစစ်ဆေးဖို့ မြန်မာတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ကွယ်လွန်ကြသူအားလုံးရဲ့ မိသားစုဝင်တွေ၊ ဘာသာရေးကျောင်းနဲ့ ဆော်ဒီကီယာ လူ့အဖွဲ့အစည်းဝင်တွေနဲ့ ထပ်ထူ ၀မ်းနည်းရကြောင်း ဖော်ပြခဲ့သလို ဒဏ်ရာရသူတွေ အမြန်ဆုံးသက်သာဖို့ ဆုတောင်းထားပါတယ်။
ဒီဆိုးဝါးတဲ့ဖြစ်စဉ်မှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
ဧပြီ ၂ ရက်နေ့ မနက် ၃ နာရီလောက်က ဖြစ်ပွားတဲ့ ဗလီကျောင်းမီးလောင်မှုမှာ ၁၃ နှစ်အောက် ကျောင်းသားကလေးငယ် ၁၃ ဦး မီးခိုးမွှန် မီးလောင်သေဆုံးခဲ့ရပြီး ရဲက ဗလီကျောင်းက တာဝန်ရှိသူ ၂ ဦးကို အမှုဖွင့်စစ်ဆေးနေသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးနေပါတယ်။