တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၁ သန်းကျော်ဟာ အရွယ်မတိုင်မီ သေဆုံးနေကြရတယ်လို့ လေ့လာတွေ့ရှိချက်အသစ်တရပ်က ဆိုပါတယ်။

ဘော်စတွန်က ကျန်းမာရေးအကျိုးဆက်များတက္ကသိုလ်မှ ရောဘတ်အိုကီးဖှဲနဲ့ တခြားသုတေသီတွေဟာ တရုတ်နိုင်ငံမှာ အိမ်ပြင်က လေထုညစ်ညမ်းမှုနဲ့ ထိတွေ့ရမှုကြောင့် အရွယ်မတိုင်မီ သေဆုံးရသူပေါင်းဟာ ခန့်မှန်းခြေ ၁.၂ သန်းလောက် သေဆုံးကြရတယ်လို့ ဒီသီတင်းပတ်မှာ ပေကျင်းက တွေ့ရှိချက်ကို တင်ပြခဲ့ကြပါတယ်။
"ဒါဟာ ကမ္ဘာမှာ အမြင့်ဆုံး သေဆုံးနှုန်းပါပဲ။ ဒါဟာ တရုတ်နိုင်ငံမှာ လက်ရှိ ရှိနေတဲ့ လေထုညစ်ညမ်းမှုပမာဏ အရမ်း မြင့်မားနေမှုကို အမှန်တကယ် ထင်ဟပ်နေတာပဲ" လို့ အိုကီးဖှဲက ပြောပါတယ်။
လတ်တလော နှစ်ပိုင်းတွေမှာ တရုတ်နိုင်ငံက လေထုအခြေအနေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ များပြားလာနေပြီး မြို့ကြီးတွေမှာ ရက်အတော်များများ မီးခိုးမြူတွေ ထူထပ်နေတာ ဖြစ်ပါတယ်။
လူတွေဟာ လမ်းမှာ သာမန် လမ်းလျှောက်ရင်တောင် မျက်နှာဖုံးတွေ ၀တ်ဆင်ထားရပြီး မိဘတွေကလည်း သူတို့ကလေးတွေကို အပြင်ထွက်ပြီး မကစားခိုင်းတော့ဘူးလို့ သိရပါတယ်။
တကယ်တော့ လေထုညစ်ညမ်းမှုကြောင့် သေဆုံးရသူ ၃ ပုံ ၂ ပုံလောက်ဟာ အာရှတိုက်မှာ ဖြစ်ပွားနေပြီး အများစုကတော့ တရုတ်နိုင်ငံကပါ။ တရုတ်နိုင်ငံမှာ လေထု ညစ်ညမ်းမှုဟာ သေဆုံးမှုဖြစ်စေတဲ့ စတုတ္ထမြောက် အကြောင်းတရပ်လည်း ဖြစ်ပါတယ်။
လေထုညစ်ညမ်းမှု အဓိကအကြောင်းရင်းကို အိုကီဖှဲက"တရုတ်နိုင်ငံ မြို့ကြီးတွေက လမ်းမတွေပေါ်မှာ ကားတွေနဲ့ ကုန်တင်ယာဉ်တွေဟာ စံချိန်ချိုးရတဲ့ အရေအတွက်ကို ရောက်လာနေပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ အရည်အသွေးနိမ့် ကျောက်မီးသွေး ပမာဏ အတော်များများကို မီးရှို့နေရပြီး တရုတ်ပြည်မှာ စွမ်းအင်သုံးစွဲမှုကလဲ အံ့ဩလောက်စရာကို မြင့်တက်နေတယ်" လို့ ဆိုပါတယ်။
တရုတ်မိုးလေ၀သအုပ်ချုပ်ရေးဌာနကတော့ ၅၂ နှစ်အတွင်းမှာ မတ်လက မီးခိုးမြူ အထူထပ်ဆုံးလဖြစ်တယ်လို့ ဧပြီ ၂ ရက်နေ့က ကြေညာ ပြောဆိုထားပါတယ်။