အောင်ဘာလေထီဖွင့်ရက် နောက်ဆုတ်ရန် ပြင်ဆင်နေ
DVB
·
April 6, 2020
COVID-19 ရောဂါ ဂယက်ကြောင့် အောင်ဘာလေ ထီဝယ်ယူကံစမ်းမှုတွေ လျှော့ကျသွားခဲ့တဲ့အတွက် နောက်လတွေမှာ ထီဖွင့်ရက်ကို နောက်ဆုတ်သွားဖို့ပြင်ဆင်နေတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။
လက်ရှိမှာ ဒီလိုအချိန်ပြောင်းလဲသတ်မှတ်ဖို့ တင်ပြထားတာဖြစ်ပြီး၊ ခွင့်ပြုချက်ရတာနဲ့ နိုင်ငံပိုင် သတင်းစာတွေကတဆင့် အသိပေးမယ်လို့ ပြည်တွင်းအခွန်ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
ထီဖွင့်ပွဲကို လစဉ်လဆန်း ၁ ရက်နေ့မှာ ပုံမှန်ပြုလုပ်ပေးနေတာဖြစ်ပေမယ့် လက်ရှိမှာ COVID-19 ရောဂါကူးစက်ပြန့်ပွားနေတာကြောင့် လူအများ နေအိမ်တွေမှာသာ နေထိုင်နေကြကာ ထီဝယ်ယူကံစမ်းမှုတွေလျှော့ကျသွားပြီး ထီနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေ ထီလက်မှတ် ရောင်းမကုန်တဲ့ အခက်အခဲတွေ ရှိလာပါတယ်။
ဒါကြောင့် ထီရောင်းချနိုင်မယ့်ရက်ကို တိုးမြှင့်ပေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ထီဖွင့်ရက်ကို လစဉ် ၁ ရက်နေ့အစား ၁၅ ရက်နေ့မှာ ဖွင့်ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
အက္ခရာအလုံးရေကိုလည်း ရုံးပိတ်ရက်များတဲ့ ဧပြီလ ဖြစ်နေတာကြောင့် လာမယ့် ၁၅ ကြိမ်မြောက် ထီဖွင့်ပွဲမှာ အလုံးရေလျှော့ချထားတယ်လို့လည်း သိရပါတယ်။
စိုးချစ်ပိုင်