ရန်ကုန် လမ်း၅၀ ရှိ abc စတိုးဆိုင် အကြမ်းဖက်လုယက်ခံရ
ပြည့်ဘုန်းအောင်
·
April 6, 2020
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့လမ်း ၅၀ ထောင့်ရှိ abc convenience စတိုးဆိုင်ကို ဒီနေ့ ဧပြီ ၆ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ လူ ၂ ဦးက အကြမ်းဖက်လုယက်သွားတယ်လို့ ပုဇွန်တောင်မြို့မရဲစခန်းက အတည်ပြုပြောပါတယ်။
မနက် ၂ နာရီလောက်က စတိုးဆိုင်ထဲကို အမျိုးသားနှစ်ဦးဝင်ရောက်လာခဲ့ပြီး အရက်လာ ဝယ်ဟန်ဆောင်ကာ တာဝန်ကျဝန်ထမ်းနှစ်ဦးကို ဓားနဲ့ခြိမ်းခြောက်ပြီး ငွေကိုယူသွားတယ်လို့ ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ကလည်း ပြောပါတယ်။
“ငွေလည်းယူသွားတယ်။ လူကိုလည်း အန္တရာယ်ပြုသွားတယ်။ ဝန်ထမ်းတစ်ယောက်က ဒဏ်ရာရပြီး ငါးချက်ချုပ်ရတယ်လို့ သိရတယ်။ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လုံခြုံရေးအတွက် ဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်”လို့ ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကပြောပါတယ်။
ကျူးလွန်သူတွေကို လက်ရှိအချိန်မှာ ဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေတယ်လို့ ပုဇွန်တောင် ရဲစခန်းက ပြောပါတယ်။