အသက်ရှူအားကူစက်ပုံစံ တက်စ်လာကုမ္ပဏီ ပြသ (ရုပ်သံ) 

တက်စ်လာ နိုင်ငံတကာကော်ပိုရေးရှင်းက အင်ဂျင်နီယာတွေဟာ အသက်ရှူအားကူစက် တလုံးရဲ့ ရှေ့ပြေးပုံစံကို ယူကျု့လူမှုကွန်ရက်ဗွီဒီယိုစာမျက်နှာပေါ်မှာ ဧပြီ ၅ ရက် ညနေပိုင်းက ဖြန့်ချိလိုက်ပါတယ်။ အမေရိကန်နိုင်ငံအနှံ့က ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေဟာ အသက်ရှူ အားကူစက် ပြတ်လပ်မှုကို ကြုံတွေ့နေရပါတယ်။ အသက်ရှူအားကူစက်ရဲ့ ဒီဇိုင်းဟာ တက်စ်လာ ကားပစ္စည်းတွေကို အကြီးအကျယ် မှီခိုထားတယ်လို့ အင်ဂျင်နီယာ တယောက်က ပြောပါတယ်။ စက်တွေ အမြန်ထုတ်လုပ်နိုင်ဖို့ လက်ရှိ ရှိနေတဲ့ ကုန်စည်တွေကို ပြန်သုံးထားတယ်လို့လည်း သူက ပြောပါတယ်။ တက်စ်လာကုမ္ပဏီဟာ အသက်ရှူ အားကူစက်တွေ ထုတ်လုပ်ဖို့ နယူးယောက် စက်ရုံကို ပြန်ဖွင့်မယ့် အစီအစဉ်ကို အမှုဆောင်အရာရှိချုပ် အီလွန်မက်ခ်စ်က ပြောအပြီး သီတင်းပတ်နှစ်ပတ်အကြာမှာ ဒီရုပ်သံကို ဖြန့်ချိခဲ့တာပါ။ တက်စ်လာရဲ့ ကားအင်ဂျင်နီယာဌာန ဒုဥက္ကဋ္ဌကတော့ “လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ အကောင်းဆုံး အားထုတ်သွားမယ်”လို့ ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အရေအတွက် တိုးလာနေလို့ အသက်ရှူအားကူစက်တွေနဲ့ တခြား ဆေးဘက်ပစ္စည်းကိရိယာတွေကို ထုတ်လုပ်ဖို့ ကူညီဖို့ ကမ္ဘာတလွှားက အစိုးရတွေဟာ ကားထုတ်လုပ်သူတွေ၊ အာကာသယာဉ်လုပ်ငန်းရှင်ကုမ္ပဏီတွေကို မေတ္တာရပ်ခံခဲ့ကြပါတယ်။  တက်စ်လာကုမ္ပဏီဟာ သူ့လျှပ်စစ်ကားတွေ ဖြန့်ချိတဲ့ ဒေသတွေတလွှားက ဆေးရုံတွေဆီကို အမေရိကန်ပြည်ထောင်စု အစားအစာနဲ့ ဆေးဝါး စီမံကွပ်ကဲမှုဌာန FDA အတည်ပြုချက် ရထားတဲ့ အသက်ရှူအားကူစက်တွေ ပေးပို့လှူဒါန်းသွားဖို့ စီစဉ်ခဲ့တယ်လို့ မတ်ခ်စ်က မတ် ၃၁ ရက်မှာ ပြောခဲ့ပါတယ်။ မတ်ခ်စ်က နယူးယောက်မြို့တွင်း ဆေးရုံတချို့ကို လှူခဲ့တဲ့ အသက်ရှူအားကူစက်တွေဟာ ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ သုံးနေကျ အသက်ရှူအားကူစက်ပုံစံမျိုး မဟုတ်ဘဲ အိပ်ပျော်ချိန် အသက်ရှူရပ်တတ်တဲ့ ဝေဒနာရှင်တွေအတွက် သုံးတဲ့စက်မျိုး ဖြစ်နေတယ်လို့ သဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းဌာနက အစီရင်ခံပါတယ်။ ဒါပေမဲ့ အသက်ရှူအားကူစက်တွေ ပြတ်လပ်နေချိန်မှာ အစားထိုးသုံးစရာအဖြစ် FDA က လတ်တလောမှာ အတည်ပြုပေးလိုက်တာလို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ တက်စ်လာကတော့ ဒီအချက်အတွက် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up