ကယားကျေးရွာများ၌ COVID-19 ကာကွယ်ရန် ရွာအဝင်အထွက်ပိတ်ပြီး ရိုးရာအဆောင်များ ကပ်ထား
နော်နိုရင်း
·
April 6, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ COVID- 19 ရောဂါ ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကင်းတဲတွေထားရှိကာ ကျေးရွာတွေကိုပိတ်ထားပြီး ရိုးရာအဆောင်တွေကပ်တာတွေ ပြုလုပ်နေပါတယ်။
လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု ပိုစာခြံကျေးရွာမှာဆိုရင် ရွာအဝင်လမ်းအားလုံးကို ပိတ်ထားပြီး လမ်းတခုသာ ဝါးတားဂိတ်နဲ့ဖွင့်ပေးကာ အစောင့်တွေနဲ့ ချမှတ်စောင့်ကြပ်တာတွေ လုပ်ဆောင်ထားပါတယ်။
တခြားနိုင်ငံမှာသွားရောက်အလုပ်လုပ်တဲ့သူတွေ ခိုးပြီးပြန်မဝင်လာ နိုင်အောင် အခုလို လုပ်ဆောင်တာလို့ ပိုးစာခြံကျေးရွာသူကြီး ဦးမြသောင်းက ပြောပါတယ်။
“ကျနော်တို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကျေးရွာသူကျေးရွာသားတွေ အားလုံးစုပြီး အစည်းအဝေးလုပ်ပြီးမှ ကျနော်တို့ ဒါကို လုပ်ဖြစ်တာပါ။ ကျနော်တို့က အဓိကတော့ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်းပေါ့လေ၊ ကိုယ်ရွာကနေပြီး တခြားနိုင်ငံမှာ သွားပြီးတော့ ရွေ့ပြောင်းလုပ်သားသွားလုပ်ကြတယ်။ ပြန်လာတဲ့အခါ ကိုရိုနာဗိုင်းရပ်ရောဂါ မပါအောင် သေချာလေး စိစစ်အောင် ကျနော်တို့ဂိတ်တွေ လုပ်ထားတာပါ။ ”
ဧပြီ ၂ ရက်မှ ၃၀ ရက်အထိ လုပ်ဆောင်မှာဖြစ်ပြီး ဒီအစီအစဉ်ဟာ အစိုးရကနေ ချမှတ်တာမဟုတ်ဘဲ မိမိတို့ကိုယ်ထူကိုယ်စနစ်နဲ့လုပ်ဆောင်တာဖြစ်ပြီး တရက်ကို ၂ အိမ် အလှည့်ကျ ကင်းစောင့်စေတယ်လို့လည်း ဦးမြသောင်းက ပြောပါတယ်။
ပိုးစာခြံနဲ့ကပ်လျှက် မထောခူ အပေါ်ကျေးရွာမှာလည်း အလားတူရွာဝင်လမ်းတွေကို ပိတ်ထားပြီး ကင်တဲတွေထားရှိ စစ်ဆေး လုပ်ဆောင်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တဲ့အနေနဲ့ ဒီလိုကိုယ်ထူကိုထ ကျေးရွာတွေလုပ်ဆောင်သလိုပဲ ရိုးရာအရ ရွာမှာကင်းတဲထားရှိပြီး ကာကွယ်မှုလုပ်ဆောင်တဲ့ကျေးရွာတချို့လည်း ရှိနေပါတယ်။
လွိုင်ကော်မြို့နယ် ထေးငှားလျားကျေးရွာမှာဆိုရင် ကယားရိုးရာအရ ကျေးရွာကာကွယ်တဲ့ အနေနဲ့ရွာထိပ်မှာ ကင်းတဲတွေထားရှိစောင့်ကပ်ထားသလို ရိုးရာအရ ရောဂါကာကွယ်တဲ့ အဆောင်တွေကပ်ထားတာကို တွေ့ရပါတယ်။
“ကျနော်တို့ငယ်ငယ်တုန်းက ဒီလိုပဲဒီလို ကြက်နာကျတာတွေ၊ ဝက်နာကျတာတွေ ရှိရင် အဲလို တဲတလုံးထိုးထားပြီးမှ အဲလိုတဲပေါ်နားမှာတွဲလောင်းတွဲလောင်းနဲ့ အဲလိုချိတ်ထားတယ်။ ရှေ့ခေတ်ဘိုးဘွားတွေ အဲလိုလုပ်နေကျ။ မကောင်းဆိုးဝါးတွေ သူတို့ကိုလာတွေ့ပြီးမှ သူ့ကို ကြောက်တာပေါ့။ သူက မျက်လုံးများတယ်ဆိုပြီးမှ ကြောက်တယ်တဲ့။ ”
ဒီလိုနှီးတွေနဲ့ယှက်လုပ်ထားတဲ့အဲဒီအဆောင်ဟာ အရင်က ကြက်နာကျတာတွေ၊ ဝက်နာကျ တာတွေကို ကာကွယ်တဲ့အနေနဲ့ ဒီလိုရွာထိပ်နဲ့လူတိုင်းအိမ်ရှေ့မှာ ချိတ်ဆွဲထားလေ့ရှိပြီး အခု လူတွေကို ကူးစက်တဲ့ ရောဂါကိုလည်း ကာကွယ်နိုင်မယ်လို့ယုံကြည်ချက်နဲ့ အလားတူ လုပ်ဆောင်တာ ဖြစ်ပါတယ်။