Home
မြန်မာသတင်း
၄၈ လမ်း ဗလီမီးလောင်မှု အပြင်ပယောဂ မပါဟု အစိုးရပြော
DVB
·
April 2, 2013
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ရေကျော်ဗလီ စာသင်ကျောင်း မီးလောင်မှုဟာ ဗလီအတွင်းရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်တာလို့ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တစုံတယောက်ကနေ ဒီစာသင်ကျောင်းကို မီးရှို့ခဲ့တာ မဟုတ်ဘဲ ဗလီအတွင်းမှာရှိတဲ့ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်တာသာ ဖြစ်တယ်လို့ ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ဗလီမီးလောင်မှုအတွက် ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မီးလောင်မှု ဖြစ်ပွားရာမှာ  ဗလီအတွင်းမှာ ဗလီဆရာ ၂ ဦး ရှိနေတဲ့အတွက် အဓိက တာဝန်ရှိသူက သူတို့ ၂ ဦးဖြစ်ပြီးတော့ တာဝန်ရှိတဲ့သူတွေကို စစ်ဆေးရာမှာ ပြင်ပက တစုံတယောက် ၀င်ရောက် မီးရှို့တာ မဟုတ်တဲ့အကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ “မီးအားမြှင့်စက်ကနေ မီးလောင်မှုဖြစ်ပွားတာကို သိရင်သိချင်း မီးသတ်ကား ၆ စီးနဲ့ သွားငြိမ်းသတ်တယ်။ ၃ နာရီ ၁၃ မိနစ်မှာ မီးငြိမ်းသွားတယ်။ မီးအားမြှင့်စက်ကနေ မီးလောင်တာသည် ဘယ်သူ့တာဝန်ရှိလဲဆိုတော့ စောင့်တဲ့လူ တာဝန်ဖြစ်တယ်။ မီးပြတ်ရင် ဘာသုံးလဲဆိုတော့ မီးစက်အရှေ့မှာထားထားတယ်။ မီးစက်သုံးတဲ့အတွက် စက်သုံးဆီ၊ ဒီဇယ်ဆိုလည်း ရှိနိုင်တယ်။ ရဲမှူးကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ရောက်တော့ ဒါတွေလည်း မတွေ့ပါဘူး။ နောက်ပိုင်း ကောလာဟလတွေမှာ ဒါတွေတွေ့ပါတယ်ဆိုတာသည်.တာဝန်ရှိသူတွေ စစ်ဆေးချိန်မှာ ဒါတွေမတွေ့ပါဘူး။ သို့သော်လည်း မီးလောင်တယ်ဆိုရင် တာဝန်ရှိတဲ့သူက အရေးယူခံရမှာပဲလေ။ အရေးယူခံရမယ်ဆိုတော့ သူက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူများကို စွပ်စွဲနိုင်တယ်။ တယောက်ယောက် လုပ်သလိုလို သူက ပြောတဲ့အတွက် တချို့ဇဝေဇ၀ါဖြစ်သွားတယ်။” မီးလောင်ကျွမ်းတဲ့ဗလီဟာ စာသင်ကျောင်းနဲ့ ဗလီ ၂ မျိုး အသုံးပြုတာဖြစ်ပြီးတော့ ကလေး ၇၀ လောက် ရှိနေပြီးတော့ ဒီဗလီရဲ့ အားနည်းချက်နဲ့ ပတ်သက်ပြီး ဦးမြင့်ဆွေက အခုလို ပြောပါတယ်။ “ကျောင်းရဲ့အားနည်းချက်က တံခါးတွေအလုံပိတ်ထားတယ်။ ဖြစ်တဲ့အချိန်ကဆို သော့ ၂ ထပ်ခတ်ထားတယ်။ သော့ ၂ ထပ်ဆိုတာက သော့ပိတ်တဲ့နေရာမှာပဲ သော့ ၂ လုံးထပ်ခတ်ထားတာ။ သူ့ရဲ့ ပတ်ပတ်လည် ပြတင်းပေါက်တွေ၊ အပေါ်ထပ်ခိုးဘက်က ပြတင်းပေါက်တွေရော အောက်က မြေညီထပ်ပြတင်းပေါက်တွေ အကုန်လုံးသည် သံတိုင်၊ သံဇကာတွေနဲ့ ဖွင့်မရအောင် အကုန်ပိတ်ထားတာ။ တော်ရုံတန်ရုံ ဘာမှဖွင့်မရဘူး။ တံခါးပေါက်တော့ ဖွင့်လို့ရမယ်။ သံတိုင်၊ သံဇကာကကျန်နေတာ။ အပေါ်ထပ် ကလေး ၁၃ ယောက်သေဆုံးသွားရတဲ့ အထပ်နဲ့ အောက်ထပ် ဆင်းဖို့တက်ဖို့ လှေကားလေးတခုရှိတယ်။ သူ့ရဲ့ ပတ်ပတ်လည်၊ အပေါ်ထပ် ထပ်ခိုးပတ်ပတ်လည် အကုန်လုံးသည်လည်း သံတိုင်တွေနဲ့ ပိတ်ထားပါတယ်။ တချို့ဟာတွေ သံဇကာပါတယ်။ သံတိုင်ရော သံဇကာပါတာတွေလည်းရှိတယ်။ အဲတော့ မီးလောင်ချိန်မှာ ကလေးတွေအပြင်မထွက်နိုင်ဘူး။ ဆင်းရမယ့်အပေါက်ကလည်း တပေါက်ပဲ. လှေကားတခုပဲရှိတော့ လောင်တာကလည်း လှေကားအောက်က မီးအားမြှင့်စက်က စလောင်တာဆိုတော့ ကလေးတွေအချိန်မီ အပြင်မရောက်တဲ့အတွက် မီးခိုးငွေ့တွေနဲ့ အသက်ရှူကျပ်ပြီး ၁၃ ယောက်တောင် သေဆုံးသွားခဲ့ရတာပါ။” ဒါအပြင် သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကြီးဝင်းနိုင်ကလည်း တာဝန်ရှိတဲ့သူ ၂ ဦးကို တရားစွဲဆိုထားတယ်လို့ အခုလို ပြောပါတယ်။ “ကျနော်တို့ အသေးစိတ် စစ်ဆေးခဲ့တယ်။ အပေါ်မှာ လောင်ကျွမ်းတဲ့ ကလေးတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အမှန်တကယ် မသေသင့်ဘူး။ သို့သော် အထဲမှာရှိတဲ့ ဗလီတာဝန်ခံတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေက နှောင့်နှေးတာတို့၊ ကြောင့်ကြတာတို့ ဖြစ်နေတဲ့အတွက် ဒီအပေါ်မှာ ကယ်တင်ဖို့ဟာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မီးခိုးမွှန်ပြီး သေဆုံးကြောင်းကိုလည်း ဆေးရုံမှာ မှုခင်း ဆရာဝန်တွေရဲ့ မှတ်ချက်အရ မီးခိုးမွှန်ပြီး သေဆုံးရတယ်လို့ သုံးသပ်ပြီးတော့ ဆေးစစ်ချက် ရရှိထားပြီးဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ ပြန်လေ့လာတဲ့အခါမှာ လက်ရှိအနေအထားအရ မှုခင်းဖြစ်စဉ်မှာ အဓိက တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်ရတာပါ။ အဓိက တာဝန်ရှိတဲ့သူတွေက ဦးခင်မောင်ရီ ဗလီတာဝန်ခံနဲ့ ဦးဇေယျာဖြိုးတို့ ၂ ဦးက အဓိက တာဝန်ရှိတဲ့အတွက် သူတို့ ၂ ဦးကို အမှုဖွင့် အရေးယူရမှာဖြစ်တဲ့အတွက် ဖြေရှင်းပေးရမယ့် တရားခံအဖြစ် ထားရှိတဲ့အပေါ်မှာ သူတို့အနေနဲ့ သူတို့အပြစ်ကို ဖုံးချင်ဇောနဲ့ အပြင်လူတွေကို တချို့သောသူတွေက မသမာသောနည်းနဲ့ လာရှို့တဲ့ပုံစံမျိုး ပြင်ပမှာ ကြားနေရပါတယ်။ ဖြစ်စဉ်အမှန်က အထဲကနေပြီး ၀ါယာရှော့ဖြစ်ပြီး လောင်တာပါ။” မီးလောင်မှုအခြေအနေနဲ့ ပတ်သက်ပြီး စာသင်ကျောင်းမှာ သင်ကြားနေတဲ့ ဆရာတဦးက အခုလို ပြောပါတယ်။ “ကျနော်တို့ရောက်တဲ့အချိန် မီးငြိမ်းသွားတယ်။ နိုင်ငံတော်က တာဝန်ခံတွေ လာပြီးတော့ မီးလောင်တာတွေ၊ စစ်ဆေးတယ်၊ ဓာတ်ပုံရိုက်သွားတယ်။ ၀ါယာရှော့ဖြစ်လို့ လောင်တယ်ဆိုတာက ကျနော်လည်း မသိဘူး၊ မမြင်လိုက်ရဘူး။ ကျနော်တို့ မြင်ရတာကတော့ မီးလောင်တဲ့နေရာ လှေကားနားမှာ ဒီဇယ်စော်နံနေတဲ့ မိန်းကလေးအ၀တ်အစား နှစ်စုံ၊ ဘော်လီလည်းပါတယ်၊ သံပိုက်တလုံးပါတယ်။ အမှိုက်တွေ ဖယ်လိုက်တဲ့အချိန်မှာ အဲဒါတွေ ထွက်လာတယ်။ အဲဒါတွေကို ကျနော်တို့ ဓာတ်ပုံရိုက်ပြီး တာဝန်ရှိသူတွေကို ပြန်အပ်လိုက်တယ်။” မီးလောင်မှုကြောင့် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကလေးငယ် ၁၃ ဦး သေဆုံးသွားပုံကိုလည်း အခုလိုပြောပါတယ်။ “ထပ်ခိုးမှာ ၁၇ ယောက်ထဲမှာ ၄ ယောက်က ခုန်ချလို့ နည်းနည်းပါးပါး ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ၁၃ ယောက်ကတော့ ဆုံးသွားတယ်။ ထပ်ခိုးမှာ ဆုံးသွားတဲ့ကလေးတွေကို နောက်ဆုံး ဆေးရုံကြီးကို ခေါ်သွားပြီး အားလုံး စစ်ဆေးပြီးမှ ကျနော်တို့ ရေဝေးကို ပြန်ပေးမှ အခုပဲ သင်္ဂြိုဟ်ပြီးတာ။” မီးလောင်ကျွမ်းတဲ့အတွက် ဗလီအတွင်းမှာ ပိတ်မိနေတဲ့ ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပြီးတော့ ပျောက်ဆုံးနေတဲ့သူ ၄ ဦးကိုလည်း ပြန်လည်တွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဗလီမီးလောင်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်တွေ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024