Home
မြန်မာသတင်း
ဆေးရုံဝန်ထမ်းများ အဆောင်မှ ဖယ်ရှားချခံရသည့်အပေါ် စိတ်မကောင်းဖြစ်မိဟု မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီးပြော
DVB
·
April 6, 2020
COVID -19 ကပ်ရောဂါဘေးကြုံနေရတဲ့ ခက်ခဲတဲ့ ကာလတွေမှာ ရှေ့တန်းကနေ အစွမ်းကုန်ကြိုးစားပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေအိမ်တွေနဲ့ အဆောင်ကနေ ဖယ်ရှားခံရတာနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက ပြောပါတယ်။ COVID -19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ကျန်းမာရေးဝန်ထမ်းတွေ အိမ်ပေါ်ကမောင်းချခံရတာ၊ အဆောင်က ဖယ်ခိုင်းခံရတာနဲ့ နယ်ကလာတဲ့ ဆရာဝန်တချို့ အိမ်ငှားမရတာတွေကြုံတွေ့နေရတာပါ။ လက်ရှိအချိန်ဟာ ပြည်သူလူထုကျန်းမာရေးအတွက် ခက်ခဲတဲ့ကာလကြီးဖြစ်သလို ကျန်းမာရေးဝန်ထမ်းတွေကလည်း အစွမ်းကုန်ကြိုးစားလုပ်ကိုင်နေကြရတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ နားလည်ပေးဖို့ မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက တိုက်တွန်းပါတယ်။ “ကျနော်တို့ကတော့ ကျနော်တို့ ဝန်ထမ်းတွေကို အဲဒီလိုလုပ်တာ စိတ်မကောင်းဘူး။ ကျနော်တို့ဝန်ထမ်း အဆင်ပြေအောင် အားလုံးအဆင်ပြေအောင်ကြိုးစားပြီးလုပ်ပေးနေပါတယ်။ ပြည်သူလူထုကလည်း ဒါတွေကိုနားလည်ပေးဖို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေဟာ ဒီလိုခက်ခဲတဲ့ ကာလကြီးမှာ အစွမ်းကုန်ကြိုးစားပြီးလုပ်နေကြတာ။ ဒီလို PPE ဝတ်ပြီးလုပ်ရတဲ့ အလုပ်မျိုး ကျနော်တို့ တစ်သက်မှာ တော်တော်ရှားပါတယ်။ အားလုံး မညည်းမညူဘဲနဲ့ လုပ်နေတာတွေဟာ တကယ်ကို အားရစရာဖြစ်ပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီလို ပြုမူခံရတဲ့ ဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးနဲ့ ပူးပေါင်းပြီး နေစရာစီစဉ်ပေးထားတယ်လို့ သူကဆိုပါတယ်။ မြောက်ဥက္ကလာပဆေးရုံက ဆေးရုံအုပ်  ဒေါက်တာ ဝင်းသန္တာဖြူက Covid-19 case တွေပေါ်လာပြီးနောက်  ဆေးရုံက ဝန်ထမ်းတွေ အိမ်ကနေမောင်းချခံတာ၊ House Surgeon တချို့ အဆောင်တွေက ဖယ်ခိုင်းခံရနဲ့ နယ်ကလာတဲ့ဆရာဝန်အချို့ အိမ်‌ငှားလက်မခံတော့တာ ကြုံနေကြရတဲ့အတွက် ကူညီစောင့်ရှောက်ပေးကြဖို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ တဆင့် ပန်ကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ကတော့ ဆေးရုံကိုလာသူ ရောဂါရှိသူမရှိသူမရွေးဘဲ စောင့်ရှောက်ပေးပါလျက် ကျွန်မတို့တွေကို အခုလို မောင်းထုတ်၊ ဖယ်ထုတ်ခံရတာ နေစရာမရှိတော့တာထက် ရင်ထဲနင့်နေအောင် ခံစားရပါတယ်။ အခုလည်း လက်ထောက်ဆရာဝန်လေးတွေအယောက် ၃၀ လောက်နေဖို့ ဆေးရုံနား နီးနီးနားနားစီစဉ်ပေးချင်လို့ နေရာပေးသူကပေး Aircon တပ်ပေးသူက တပ်ပေးပေမယ့် ပတ်ဝန်းကျင်က ကန့်ကွက်နေလို့အဆင်မပြေဖြစ်ရတယ်လို့သိရပါတယ်။ ကိုယ့်အိမ်က ကိုယ့်သား ၊ ကိုယ့်သမီးလေးတွေသာဆို ဘယ်လိုခံစားရမလဲ။ အသက်စွန့်လည်း ကုပေးနေပါလျက်၊ တလွဲ အယူတွေ၊ အသိတွေနဲ့ ကျွန်မတို့တွေအပေါ် အရမ်းမရက်စက်ကြပါနဲ့။ ကျွန်မတို့အပေါ် ကူညီစောင့်ရှောက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” လို့ ဒေါက်တာ  ဝင်းသန္တာဖြူက ပန်ကြားထားတာဖြစ်ပါတယ်။ မနေ့ကတော့ ရန်ကုန်တိုင်း လျှပ်စစ် စက်မူလက်မူနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ကျန်းမာရေးဝန်ထမ်းတွေအတွက်နေစရာစီစဉ်ပေးခဲ့သလို နံနက်၊ နေ့လည်၊ ည စာတွေပါစီစဉ်ပေးသလို   Ferry အကြိုအပို့ စီစဉ်ပေးဖို့ရှိတယ်လို့လည်း ဒေါက်တာ ဝင်းသန္တာဖြူက ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိအချိန်မှာ မပြည့်စုံတဲ့ကြားက စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ သူတို့တွေဟာ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024