အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် ဗဟိုကော်မတီရန်ပုံငွေဖြင့် စီမံကိန်းရေးဆွဲနေ
ပြည့်ဘုန်းအောင်
·
April 6, 2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်နေချိန်အတွင်း အခြေခံလူတန်းစား လက်လုပ်လက်စားပြည်သူတွေရဲ့ စားဝတ်နေရေးပြေလည်စေဖို့ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီစီမံကိန်းဟာ တနေရာ၊ တဒေသအတွက်သာ မဟုတ်ဘဲ တနိုင်ငံလုံးအတွက် စဉ်းစားပြီး လုပ်ဆောင်ရတာကြောင့် ဗဟိုကော်မတီရန်ပုံငွေအတွက် တတ်နိုင်သမျှလှူကြဖို့ အတိုင်ပင်ခံက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ မေတ္တာရပ်ခံခဲ့တာပါ။
ဒါ့အပြင့် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေအတွက် MASK ၆.၃ သန်း ဧပြီလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ထပ်မံပြီးလည်း မှာယူထားတယ်လို့ ဆိုပါတယ်။
ပြည်သူတွေ တောင်းဆိုထားတဲ့ မီတာခတွေ လျှော့ပေးရေးကိစ္စကိုလည်း အကောင်းဆုံး နည်းလမ်း ဖြစ်အောင် ညှိနှိုင်းနေတယ်လို့ ပြည်သူတွေကို အသိပေးခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်တွေမှာ ရေးသားထားချက်အရ ပြည်သူတွေ သိချင်တဲ့ကိစ္စတွေထဲက ထိပ်ဆုံးအချက်တွေကတော့ ပိတ်ရက်အတွင်း လက်လုပ် လက်စားများရဲ့စားဝတ်နေရေး၊ mask ကိစ္စ၊ မီတာခ လျှော့ပေးရေး နဲ့ အင်တာနက် သုံးစွဲမှု နှုန်းထားကောက်ခံမှုလျှော့ပေးရေး တို့ဖြစ်ပါတယ်။