အသုတ်စခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်၍ အဆုံးစီရင်
DVB
·
April 5, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတဦး ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
အသုတ်မြို့မရဲစခန်းက ရဲတပ်သား အောင်မျိုးခန့်ဟာ အလုပ်လုပ်ဖို့အတွက် တပ်ကြပ်ကြီး ဝင်းမင်းထွန်း (အသက် ၄၂ နှစ်)ရဲ့ နေအိမ်လိုင်းခန်းကို သွားရောက်ခေါ်ဆောင်ချိန်မှာ တပ်ကြပ်ကြီး ဝင်းမင်းထွန်း နေအိမ်လိုင်းခန်းအတွင်း မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ပြီး သေဆုံးခဲ့တာပါ။ သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးတာဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေး ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းရဲ့ အလောင်းကို တာဝန်ရှိသူတွေ စစ်ဆေးချက်အရ ပါးစပ်ကနေ ဝဲဘက်နားအနောက်ဘက်ကို ပေါက်ထွက်ဒဏ်ရာရရှိထားတာတွေ့ပြီး အလောင်းရဲ့ ခြေရင်းဘက် ၁ ပေခန့် အကွာမှာ ခြောက်လုံးပြူးသေနတ်တလက် တွေ့ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်တာလို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားခဲ့ပါတယ်။
“အဲဒီဆရာကြီးက ရဲစခန်းလိုင်းခန်းမှာ တယောက်တည်း နေတာ။ မိသားစုက တခြား နေရာမှာ။ သူ အခုလို ကွယ်လွန်သွားတော့ သူ့နာရေးကို အသုတ်မြို့စခန်းကပဲ တာဝန်ယူ လုပ်ပေးထားတယ်”ဟု ရေကြည်ဒေသခံတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းဟာ ယခင်က စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကနေ ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းမှာ အသုတ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူမှုရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတစုံတရာ မရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)