နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ဆူဒန်သမ္မတ ကြေညာ

သမ္မတ အိုမာအလ်ဘာရှာ(ဓာတ်ပံု- ရိုက်တာ)
2.3K
ဆူဒန်နိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတော့မယ်လို့ သမ္မတ အိုမာအလ်ဘာရှာက မနေ့က ပြောကြားလိုက်ပါတယ်။
မစ္စတာဘာရှားဟာ နိုင်ငံရေးအုပ်စုအားလုံးနဲ့ အမျိုးသား တွေ့ဆုံဆွေးနွေးရေး လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်လို့လည်း ပါလီမန်အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
[caption id="attachment_38058" align="alignleft" width="300" caption="သမ္မတ အိုမာအလ်ဘာရှာ(ဓာတ်ပုံ- ရိုက်တာ)"]
[/caption]
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား အရေအတွက် ဘယ်လောက် လွှတ်ပေးမယ်ဆိုတာကိုတော့ ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း မပြောထားသေးပါဘူး။
ဒီလုပ်ဆောင်ချက်ဟာ အိမ်နီးချင်း တောင်ပိုင်းဆူဒန်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်လာပြီးနောက်မှာ ဆူဒန်နိုင်ငံဘက်က တင်းမာမှုတွေ ဖြေလျော့လာတာလည်း ဖြစ်ပါတယ်။
ဆူဒန်အစိုးရဟာ အခုဆို လွတ်လပ်မှုအတွက် ပတ်ဝန်းကျင်ကို အာမခံပေးထားပြီး လူတဦးချင်း၊ တဖွဲ့ချင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ပေးထားဖို့လည်း တာဝန်ယူပေးထားပြီလို့ သမ္မတက ပြောပါတယ်။
ဆူဒန်သမ္မတရဲ့ ကြေညာချက်ကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ကြိုဆိုလိုက်ပြီး ဒါဟာ ဆူဒန်အစိုးရရဲ့ တင်းကျပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ တဖက်သက် အကျဉ်းချထားခြင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ အဆုံးသတ်စေဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတာကို အစိုးရက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုထားတယ်၊ နောက်ပြီး လွှတ်ပေးမယ့်အထဲမှာ သူပုန်တိုက်ခိုက်ရေးသမားတွေနဲ့ လတ်တလောမှာ အာဏာသိမ်းဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အစိုးရအာဏာပိုင်တွေ ပါ၊ မပါ ဆိုတာတွေ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆန်းစစ်အကဲဖြတ်သူတွေက ပြောနေကြပါတယ်။
