Quarantine လုပ်တာ လက်မခံပဲ ပြန်ရမ်းကားခဲ့သူ ၂ ဦးကို အမှုဖွင့်
DVB
·
April 5, 2020
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှာ ပြည်ပက ပြန်လာသူတွေကို ကန့်သတ်နေထိုင်ဖို့ စီစဉ်တာကို လက်မခံဘဲ ရမ်းကားခဲ့သူနှစ်ဦးကို အမှုဖွင့် တိုင်ကြားထားတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဧပြီ ၂ ရက်နေ့မှာတော့ ရေနံ့သာ နယ်မြေ ရဲစခန်းမှာ သွားရောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ကျနော်ကတော့ တရားလိုလုပ်ပြီးတော့ သူတို့ကို အမှုဖွင့်ရတဲ့ အနေအထားမျိုးပေါ့” လို့ ဦးစိုးအောင်က ပြောပါတယ်။
တရုတ်နိုင်ငံက ပြန်လာသူတွေကို မိမိအိမ်မှာပဲ နေထိုင်ကြဖို့ အသိပေးခဲ့ပေမယ့် မနေနိုင်ဘူးလို့ ပြောကြတာကြောင့် စာသင်ကျောင်းမှာထားဖို့ ဆောင်ရွက်ခဲ့စဉ် အခုလို ဖြစ်ပွားခဲ့တာပါ။ စာသင်ကျောင်းမှာ ထားတာကို မနေနိုင်ကြောင်းနဲ့ ရမ်းကားတဲ့အပြုအမူတွေနဲ့ တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာ ရာအိမ်စုမှူး ဦးအောင်ထူးက “သူတို့က ဆယ့်လေးရက် မနေနိုင်ဘူးပေါ့ ဒီထဲမှာ၊ အမိန့်ထုတ်တဲ့သူလည်း ခေါ်ခဲ့၊ အကုန်သတ်ပစ်မယ်၊ နောက်ပြီး သူ့နားသွားတော့လည်း ကတ်ကြေးနဲ့ တွေ့တယ်၊ အဲဒီ အနေအထားပေါ့။ တော်တော်လေး ရိုင်းရိုင်းစိုင်းစိုင်း ပြောတာပေါ့နော်၊ သွားမယ်တွေ ဘာတွေရော၊ တော်တော်လေး မူးရူးနေတာပေါ့” လို့ ပြောပါတယ်။
စကျင်ကျေးရွာမှာတော့ ပြည်ပက ပြန်လာသူ ၁၈ ဦးကို ကျေးရွာ စာသင်ကျောင်းအတွင်း quarantine စခန်း ဖွင့်လှစ်ကာ စောင့်ကြပ်ကြည့်ရှုပေးနေပြီး အမှုဖွင့်ခံရသူနှစ်ဦးကိုလည်း အဆိုပါ quarantine စခန်းမှာ ထားရှိထားတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း